ဓာတ်ပုံရိုက်သူ

February 2, 2023

အင်းတော် အသံတိတ်သပိတ်လှုပ်ရှားမှုကို ဓာတ်ပုံရိုက်သူတဦး အဖမ်းခံရ၊ ရေဦးတွင် စစ်တပ် လက်နက်ကြီးကြောင့် ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက်က အမျိုးသား ၁ ဦး ဖေဖော်ဝါရီ ၁ ရက် မနက်က မြို့ထဲမှာ Silent Strike အသံတိတ်သပိတ်ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်နေချိန် စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပါတယ်။

“ဓာတ်ပုံရိုက်နေတုန်း ကင်းလှည့်နေတဲ့ ရဲကားနဲ့တွေ့ပြီး ​အသက် ၄၀ ကျော်အရွယ် အောင်ချမ်းသာရပ်ကွက်က ဦးလှအောင် အဖမ်းခံရတာ။ ဓာတ်ပုံလေးရိုက်တာတောင် ကြောက်ချေးပန်းနေမှတော့ စစ်ကောင်စီတပ်တွေဟာ အရမ်းကို ကြောက်စိတ်တွေဝင်ပြီး လုံးဝတပ်ပျက်နေပါပြီ။ ပြည်သူများ စစ်အာဏာရှင်အမြစ်ပြတ်အောင် ဒီထက်ပိုပြီး ကြိုးစားပေးကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်ဗျ” လို့ အင်းတော် PDF တပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးရမိသူကို စစ်ဆေးရာ ပြည်သူတွေနဲ့ ဝန်ထမ်းတွေကို ထိတ်လန့်ကြောက်ရွံ့စေဖို့ ရည်ရွယ်ပြီး လူမှုကွန်ရက်ပေါ်တင်ဖို့ စစ်ဆေးသိရှိရလို့ တရားဥပဒေနဲ့ အမှုဖွင့် အ‌ရေးယူ ဆောင်ရွက်နေကြောင်း စစ်ကောင်စီလက်အောက်ခံ အွန်လိုင်းမီဒီယာ Fifty Two Telegram မှာ ရေးသားထားပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မူးသာကုန်းကျေးရွာအတွင်းကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာတွင်း အိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲပြီး မိသားစု ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဟုတ်ကဲ့၊ ရွာထဲကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်လို့ အိမ်‌ပေါ်ကျ ပေါက်ကွဲပြီး လူသေတဲ့ အဲသတင်းက မှန်ပါတယ်ဗျ။ လက်နက်ကြီးက ရေဦးမြို့၊ တိုင်းရင်းဆေးရုံကနေ ပစ်ခတ်တာဗျ။ အဲဒီလို ပစ်ခတ်လို့ မူးသားကုန်းရွာထဲကျပြီး ပေါက်ကွဲလို့ ပြည်သူ ၄ ဦး ကျည်ထိမှန်ခဲ့တယ်ဗျ။ အဲဒီထဲက ဒဏ်ရာရသူတဦးကတော့ ဆုံးသွားတယ်။ သေဆုံးသူက အမျိုးသမီးပါဗျ။ အသက်က ၂၀ အရွယ်လောက်ရှိမယ်ဗျ။ နောက်ပြီးတော့ ရွာထဲက ကျွဲ ၂ ကောင်လည်း ကျည်ထိမှန်တယ်” လို့‌ ရေဦးမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ညအချိန်မှာ လက်နက်ကြီးနဲ့ ပိုမိုရမ်းသန်းပစ်ခတ်လေ့ရှိပြီး ရေဦးမြို့အနီးက ကျေးရွာတွေနဲ့ ခင်ဦးနယ်အတွင်းက ကျေးရွာတွေမှာ ကျရောက်ပေါက်ကွဲတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 months Ago

November 26, 2022

စံသမာဓိရပ်ကွက်ကို စစ်ကောင်စီက ဘူဒိုဇာဖြင့် ဖျက်ဆီး၊ ဓာတ်ပုံရိုက်သူ ၃ ဦး ဖမ်းဆီးခံရ

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပျဥ်းမပင်ကျေးရွာအုပ်စု စံသမာဓိရပကွက်ရှိ နေအိမ်တွေကို စစ်ကောင်စီတပ်က ဗိုလ်မှူးကြီးတဦး ဦးဆောင်ကာ ဒီကနေ့ မနက် ဘူဒိုဇာနဲ့ထိုးဖျက်နေပြီး ဓာတ်ပုံရိုက်သူသုံးဦးကို ရိုက်နှက်ဖမ်းဆီးထားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်၊ ရဲ၊ ထွေအုပ်အပါအဝင် စွမ်းအားရှင်အဖွဲ့တွေဦးဆောင်ကာ အင်အား ၁၀၀ နီးပါး နဲ့ ဒီကနေ့ မနက်ကစတင်ပြီး နေအိမ်တွေကို ဘူဒိုဇာနဲ့ထိုး ဖျက်ဆီးနေတာလို့ ရပ်ကွက်နေသူတဦးက  ဒီဗွီဘီကို ပြောပါတယ်။

"ဗိုလ်မှူးကြီးတဦး ဦးဆောင်ပြီး လာဖျက်တာ၊ အချုပ်ကားတွေလည်းပါတယ်။ ဓာတ်ပုံရိုက်လို့ အမျိုးသားတဦးရယ်၊ အမျိုးသမီးတဦး နဲ့ ကလေးတယောက်ကို ရိုက်နှက်ပြီး ဖမ်းထားတယ်။"

ပြီးခဲ့တဲ့ရက်တွေက မြဲမြံအောင်၊ ဓမ္မပါလ၊ ဂုံညှင်းနီ၊ မြဝတီစိုက်ခင်း ၁ နဲ့ ၂ ကို စစ်ကောင်စီတပ်တွေက ဖျက်သိမ်းခဲ့ပြီး ဒီကနေ့မနက်မှာတော့ စံသမာဓိရပ်ကွက်ကို လာဖျက်တာလို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"ရဲတွေက လက်နက်အပြည့်နဲ့စောင့်တယ်၊ ထွေအုပ်က ဘူဒိုဇာနဲ့ထိုးတယ်၊ စွမ်းအားရှင်တွေက တုတ်တွေ ဓားတွေနဲ့နေရာယူထားတယ်။" 

ဖမ်းဆီးထားသူသုံးဦးကို ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာ မသိရတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က မဂ်လာဒုံမြို့နယ် ပျဥ်းမပင်ကျေးရွာအုပ်စုရှိ မြဲမြံအောင်၊ ဓမ္မပါလ၊ ဂုံညှင်းနီ၊ မြဝတီစိုက်ခင်း ၁ နဲ့ ၂ ကို ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေဖြစ်တယ်ဆိုပြီး ကျုးကျော်လို့ အကြောင်းပြကာ  နိုဝင်ဘာ ၁၈ ရက် နောက်ဆုံးထားဖျက်သိမ်းပေးဖို့  စာထုတ်ခဲ့ရာကနေ အဆင့်ဆင့်နဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ကို နောက်ဆုံးထားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ 

4 months Ago
More News
Up