ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဇူလိုင် ၂၂ ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လျှပ်စစ်ဓာတ်တိုင်တွေ ပြိုလဲကျသွားပြီး တမြို့လုံး လျှပ်စစ်မီးပြတ်တောက် နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ညနေပိုင်းက မိုးရွာသွန်းမှုကြောင့် အုန်းတောကျေးရွာအနီး၊ ကျောက်ဖြူ ချောင်းကမ်းပါးအနီးမှာ စိုက်ထူထားတဲ့ ဓာတ်တိုင်တွေ ရေတိုက်စားလို့ လဲကျခဲ့တာဖြစ်ပြီး မနေ့ည ၁၀ နာရီမှစတင်ကာ မီးပြတ်တောက်နေတာလည်း ဖြစ်ပါတယ်။
ကျောက်ဖြူမြို့ခံတယောက်က " မနေ့က မိုးအလွန်ကြီးတော့ ရေတိုက်စားမှုကြောင့် လျှပ်စစ်မီးတိုင်တွေပြိုလဲ သွားပြီး မနေ့ ည ၁၀ နာရီကတည်းက လျှပ်စစ်မီးပြတ်သွားတာပါ။"လို့ ပြောပါတယ်။
ကျောက်ဖြူ တမြို့နယ်လုံးလိုလိုမှာ လျှပ်စစ်မီးပြတ်တောက်နေပြီး လျှပ်စစ်မီးနဲ့ အလုပ်လုပ်ရတဲ့ ကွန်ပျူတာဆိုင်တွေ၊ မိတ္တူဆိုင်တွေနဲ့ တခြားလုပ်ငန်းတွေသာ မက ပြည်သူတွေ ထမင်းချက်ပြုတ်ရေးပါ အခက်အခဲ ဖြစ်နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံတယောက်က "လျှပ်စစ်မီးတိုင်တော့ ပြန်ထောင်ပြီး လျှပ်စစ်မီးပြန်ရဖို့က အတော်လေးကြာနိုင်တယ်။ မိုးကလည်း ကြီးဆိုတော့ ထင်း၊ မီးသွေးနဲ့လည်း ချက်ရတာ အဆင်မပြေဘူး။ အတော်ဒုက္ခ ရောက်နေကြရတယ်။"လို့ ဆိုပါတယ်။
ကျောက်ဖြူမြို့သို့ ဓာတ်အားဖြန့်ဖြူးပေးထားတဲ့ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံမှ ကျောက်ဖြူခွဲရုံကြားရှိ ၆၆ ကေဗွီ ဓာတ်အားလိုင်း ရေတိုက်စားမှုကြောင့် တိုင်လဲသွားလို့ ဓာတ်အားပြတ်တောက်နေကြောင်းနဲ့ ဓာတ်အား ပြတ်ချိန် ကြာမြင့်နိုင်တယ်လို့ ကျောက်ဖြူမြို့နယ်လျှပ်စစ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိ ဓာတ်တိုင်လဲကျတဲ့ နေရာမှာ ကျောက်ဖြူမြို့နယ် လျှပ်စစ်ဦးစီးဌာနက ကွင်းဆင်း စစ်ဆေးနေပြီး ဓာတ်တိုင် အသစ်ပြန်လည်စိုက်ထူမယ့်နေရာ ရှာဖွေနေပါတယ်။