ဓာတ်ငွေ့

A d v e r t i s e m e n t With Us

May 10, 2020

ဓာတ်ငွေ့ယိုစိမ့်မှုကြောင့်လူသေဆုံးခဲ့သည့် LG Polymers စက်ရုံပိတ်ပေးရန် အိန္ဒိယတွင်ဆန္ဒပြ

အိန္ဒိယနိုင်ငံ တောင်ပိုင်း အင်ဒရာ ပရာဒေ့ရှ်ပြည်နယ်က ဝိဆာခါ ပတ္တနမ်မြို့က LG Polymers စက်ရုံမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် သေဆုံးခဲ့သူ ၃ ယောက်ရဲ့ အလောင်းတွေကို ရွာသားတွေက စက်ရုံဝင်ပေါက်မှာ မေ ၉ ရက်ကချထားပြီး ထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။ စက်ရုံအပြင်ကို ထွက်လာတဲ့ အဆိပ်သင့်ဓာတ်ငွေ့တွေကြောင့် လူ ၁၁ ဦး ထက်မနည်း သေဆုံးခဲ့ပြီး လူ၈၀၀ ကျော် ဆေးရုံတင် ကုသခံခဲ့ရတာပါ။ ရာနဲ့ချီတဲ့ လူတွေ ခုထိ ဆေးရုံပေါ်မှာပဲ ရှိနေပါသေးတယ်။  မေ ၉ ရက်နေ့က ရဲညွှန်ချုပ် စက်ရုံကို လာကြည့်ချိန်မှာ ရွာသားတွေဟာ စက်ရုံဝင်ပေါက်မှာ အလောင်း ၃ လောင်း နဲ့အတူ ထိုင်သပိတ်မှောက်ခဲ့ကြတယ်လို့ ANI သတင်းဌာနမှာ ဖော်ပြထားပါတယ်။  ဓာတ်ငွေ့ယိုစိမ့်မှုကို စုံစမ်းစစ်ဆေးတဲ့ အရာရှိတွေ စက်ရုံထဲ ဝင်ချည်ထွက်ချည် သွားနိုင်ရေး အတွက် ရဲတွေက စက်ရုံဝင်းထဲ အတင်းဝင်ခဲ့တဲ့ ဆန္ဒပြသူတချို့ကို ဟန့်တားခဲ့ပါတယ်။  ဆန္ဒပြသူတွေက တရားမျှတမှု လိုချင်တယ်လို့ အော်ဟစ်ရင်း လူနေရပ်ကွက်နဲ့နီးတဲ့ စက်ရုံကို အပြီးပိတ်ပေးဖိုက တောင်းဆိုခဲ့ကြတယ်လို့ ANI သတင်းဌာနက ပြောပါတယ်။ တောင်ကိုရီးယားရဲ့ အကြီးဆုံး ရေနံဓာတုကုမ္ပဏီ LG Chem Ltd ရဲ့ လက်အောက်ခံ LG Polymers စက်ရုံရဲ့ စီမံခန့်ခွဲရေးအရာရှိတွေကို ဖမ်းဖို့ ဆော်သြခဲ့ပါတယ်။ စက်ရုံ စီမံရေးအဖွဲ့ကို တာဝန်ပေါ့ဆမှု၊ လူသေမှု စွဲချက်တွေနဲ့ ရဲတွေက တရားစွဲ ထားပါတယ်။ LG Polymers စက်ရုံကတော့ ဒီဖြစ်ရပ်ဒဏ်ကိုခံရတဲ့ လူအားလုံးကို မေ ၉ ရက်နေ့က တောင်းပန်ခဲ့ပြီး အဆိပ်သင့် ဓားစာခံတွေနဲ့ မိသားစုတွေကို တတ်နိုင်သမျှ အားလုံး ထောက်ပံ့သွားမယ်လို့ ပြောပါတယ်။ ဓာတ်ငွေ့လှောင်ကန်က ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ခုလို ဘေးဆိုးဆိုက်ရတာဖြစ်ကြောင်း ကနဦး စုံစမ်းစစ်ဆေးမှုတွေက ပြဆိုထားတယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။
10 months Ago

February 18, 2020

ကမ်းလွန်လုပ်ကွက် မဟာ ၁ အစမ်းတွင်းမှ တနေ့ဓာတ်ငွေ့ပျမ်းမျှ ကုဗပေ ၃၈ သန်းကျော်ထွက်မည်

မြန်မာ့ကမ်းလွန်လုပ်ကွက် A-3 ရှိ မဟာ ၁ အစမ်းတွင်းကနေ  သဘာဝဓာတ်ငွေ့ တနေ့ကို ပျမ်းမျှ ကုဗပေ ၃၈ သန်းကျော်အထိ ထွက်ရှိမယ်လို့ စမ်းသပ်အတည်ပြုနိုင်တဲ့ အကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီလုပ်ကွက်မှာ တောင်ကိုရီးယား  POSCO ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယ ONGC ကုမ္ပဏီက ၁၇ ရာခိုင်နှုန်း၊ အိန္ဒိယ GAIL ကုမ္ပဏီမှ ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ကိုရီးယား  KOGAS ကုမ္ပဏီက ၈ ဒသမ၅ ရာခိုင်နှုန်း အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မဟာ ၁  တွင်းကို ၂၀၁၉ နိုဝင်ဘာ ၂၉ ရက်က Top Hole စတင်တူးဖော်ခဲ့ပြီး ၂၀၂၀ ဇန်နဝါရီ ၁၉ ရက်မှာ ရည်မှန်းအနက် ၂၅၉၈ မီတာ (၈၅၂၄ ပေ) ထိ ရောက်ရှိ တူးဖော်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မဟာ ၁ တွင်းမှာ စမ်းသပ်တိုင်းတာရရှိတဲ့ အချက်အလက်တွေအရ သဘာဝ ဓာတ်ငွေ့ ခိုအောင်းနေတဲ့ ရည်မှန်းသဲကြော G4 ကို အနက် ၁၁၄၇ မီတာမှာ တွေ့ရှိခဲ့ပြီး သဲကြောအထူ ၁၂ မီတာ (၄၀ ပေ) ခန့်မှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှု စမ်းသပ်ခြင်း (Drill Stem Test) ကိုဆောင်ရွက်ခဲ့ရာ သဘာဝဓာတ်ငွေ့ တနေ့ကို ပျမ်းမျှ ကုဗပေ ၃၈သန်းကျော် အထိ စမ်းသပ်ရရှိကြောင်း အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကမ်းလွန်လုပ်ကွက်အမှတ် A-3 အတွင်းမှာ ကိုရီးယားအခြေစိုက် POSCO international ကုမ္ပဏီက မြ(၁) ရှာဖွေရေးတွင်းကို ၂၀၀၅ ခုနှစ်မှာ စတင်တူးဖော်ခဲ့ပြီး သဘာဝဓာတ်ငွေ့ စီးပွားဖြစ်တွေ့ရှိခဲ့ပါတယ်။  ဒီနောက် ၂၀၀၉ ခုနှစ်မှာ လုပ်ကွက်အမှတ် A-1 ရှိ ရွှေသဘာဝ ဓာတ်ငွေ့နဲ့ လုပ်ကွက်အမှတ် A-3 ရှိ မြသဘာဝဓာတ်ငွေ့တို့ကိုပေါင်းပြီး ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တနေ့ သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၅၀၀ ခန့် ထုတ်လုပ် ဖြန့်ဖြူးခြင်းလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာနိုင်ငံအနောက်ဘက် ကမ်းလွန်လုပ်ကွက် A-3 မှာတည်ရှိတဲ့ သဘာဝဓာတ်ငွေ့ အစမ်းတွင်း မဟာ(၁) တူးဖော်နေမှုကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အစိုးရလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနဲ့ တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၁၇ ရက်မနက်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
1 year Ago
Up