ဓာတ်ခွဲနမူနာ

January 18, 2021

ဓာတ်ခွဲနမူနာ ၆၃ ခု စစ်ဆေးချက်အရ ကူးစက်မြန်ဗီဇပြောင်းဗိုင်းရပ်စ် မတွေ့

SARS- COV-2 ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇတစ်ခုလုံးကို လေ့လာနိုင်ဖို့ ဓာတ်ခွဲနမူနာ ၆၃ ခုအား စစ်ဆေးရာမှာ ပြည်ပနိုင်ငံအချို့မှာ ဖြစ်နေတဲ့ ကူးစက်မြန်ဗီဇပြောင်းဗိုင်းရပ်စ် မတွေ့ရှိဘူးလို့ ဆေးသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ပြောပါတယ်။   မြန်မာနိုင်ငံဆေးသုတေသန ဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါဖြစ်စေတဲ့ SARS- COV-2 ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇတစ်ခုလုံးကို လေ့လာမှုတွေလုပ်နေပြီး လက်ရှိအချိန်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၃ ခုကို ဓာတ်ခွဲစစ်ဆေးခဲ့တာဖြစ်ပါတယ်။  အဲဒီဓာတ်ခွဲနမူနာတွေထဲမှာ ပြည်တွင်းက ကူးစက်ခံရသူတွေလည်း ပါသလို ပြည်ပက ပြန်လာသူတွေရဲ့ ဓာတ်ခွဲနမူနာတွေလည်း ပါဝင်နေတာပါ။  နောက်ဆုံးစစ်ဆေးထားတဲ့ ဓာတ်ခွဲနမူနာ ၁၁ ခုထဲမှတော့ ၆ ခုက ဂျော်ဒန်နိုင်ငံမှာ အများဆုံးကူးစက်နေတဲ့ ဗိုင်းရပ်စ်အမျိုးအစားကို တွေ့ခဲ့ရတယ်လို့ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က ပြောပါတယ်။ “ဂျော်ဒန်ကနေပြန်လာတဲ့ လူတွေထဲဆီကနေ မျိုးဗီဇသုတေသနတခုလုံး စစ်ဆေးဖို့ လုံလောက်တဲ့ ပိုးပမာဏပါတဲ့ ဓာတ်ခွဲအတည်ပြုလူနာဆီကရတဲ့ နမူနာကိုယူပြီး ကျနော်တို့ စစ်ဆေးခဲ့တာ ၆ ယောက် ပါပါတယ်။ ရန်ကုန်ကနေရတဲ့ ဓာတ်ခွဲနမူနာ ၃ ခု ပါပါတယ်။ ပဲခူးက ၂ ခု ပါပါတယ်။ နမူနာ ၁၁ ခုမှာ ဘာထူးခြားလဲဆိုတော့ ကျနော်တို့နိုင်ငံမှာဖြစ်တဲ့အမျိုးအစား B1.36 အမျိုးအစားဖြစ်ပြီး GH Strain ခေါ်တယ်။ ပြည်ပ ဂျော်ဒန်နိုင်ငံက လာတဲ့အမျိုးအစား ဂျော်ဒန် Strain အမျိုးအစား ဖြစ်ပါတယ်။ အများကြောက်လန့်နေတဲ့ UK အမျိုးအစား၊‌ တောင်အာဖရိကမှာ ဖြစ်နေတဲ့ ပိုပြီးကူးစက်မြန်တဲ့ အမျိုးအစား မဟုတ်သေးပါဘူး။” အခု စစ်ဆေးတွေ့ရှိထားတဲ့ ဂျော်ဒန်နိုင်ငံက ဗိုင်းရပ်စ်မျိုးဟာ မြန်မာနိုင်ငံတွင်းမှာ ကူးစက်နေတဲ့ ဗိုင်းရပ်စ်အမျိုးအစားနဲ့မတူပေမယ့် ပြည်ပနိုင်ငံတွေမှာ လတ်တလော ကူးစက်နေတဲ့ ကူးစက်မြန် ဗိုင်းရပ်စ် အမျိုးအစား မဟုတ်ဘူးလို့ ဆိုပါတယ်။  မြန်မာနိုင်ငံတွင်းမှာတော့ လက်ရှိအချိန်အထိ တောင်အာဖရိကနဲ့ ယူကေနိုင်ငံက စတင်လာတဲ့ ကူးစက်မြန်ဗီဇပြောင်းဗိုင်းရပ်စ် မတွေ့ရသေးဘူးလို့ ဒေါက်တာမြတ်ထွဋ်ညွန့်က ပြောပါတယ်။   ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်း ဗိုင်းရပ်စ်ရဲ့ ဗီဇ‌ပြောင်းလဲ တတ်တဲ့သဘာဝအရ ပြည်တွင်းမှာ ဗီဇပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ် ပြောကြားထားတာပါ။  ဆေးသုတေသန ဦးစီးဌာနအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဗီဇပြောင်းလဲမှုတွေကို အဆက်မပြတ် စောင့်ကြည်လေ့လာသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။   သတင်း - သင်းသင်းဇော်
9 months Ago

October 9, 2020

ကိုဗစ်-၁၉ လူနာအသစ် ၁,၀၁၂ ဦးတွင် ရန်ကုန်တိုင်းက ၈၁၄ ဦးပါဝင်

မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၀၁၂ ယောက်ထဲမှာ ၈၁၄ ယောက်ကတော့ ရန်ကုန်တိုင်းက ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၅ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေထဲမှာ ရန်ကုန်တိုင်းမြို့နယ်တွေထဲက လှိုင်မြို့နယ်မှာ အယောက် ၈၀ ၊ စမ်းချောင်းမြို့နယ်မှာ ၆၉ ယောက်၊ မြောက်ဉက္ကလာပမြို့နယ်မှာ ၆၃ ယောက်နဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ် ၄၀ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်း မြို့နယ် ၁၅  ခုမှာ ၈၆ ယောက်၊ မန္တလေးတိုင်းမြို့နယ် ၁၄ ခုမှာ ၂၂ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၇ ခုမှာ ၂၁ ယောက်၊ နေပြည်တော်မြို့နယ် ၆ ခုမှာ ၁၈ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၆ ခုမှာ ၁၇ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၆ ယောက်၊ မကွေးတိုင်းမြို့နယ် ၅ ခုမှာ ၆ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၃ ခုမှာ ၅ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၃ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၃ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၁ ခုမှာ ၁ ယောက် အသီးသီး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ အတည်ပြုလူနာတွေထဲမှာ အနံ့မရရှိသူ ၂၂၇ ယောက်ပါဝင်ပြီး ဒေါပုံမြို့နယ်က ၁ ယောက်နဲ့ မိတ္ထီလာမြို့နယ်က ၁ ယောက်တို့ဟာ ပြည်ပက ပြန်လည်ရောက်ရှိလာသူတွေဖြစ်ပြီး အသွားအလာ ကန့်သတ်ထားရှိသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၈ ရက်နေ့ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ အတည်ပြုလူနာစုစုပေါင်း ၂၂,၄၄၅ ယောက်၊ သေဆုံးသူ ၅၃၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆,၃၆၆ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
1 year Ago
More News
Up