ဓာတ်ခွဲခန်း

December 3, 2020

စင်ကာပူတွင် ဓာတ်ခွဲခန်းထုတ် ကြက်သားရောင်းချခွင့်ပြု

စင်ကာပူအစိုးရဟာ ဓာတ်ခွဲခန်းထုတ် ကြက်သားကို ရောင်းဖို့ ခွင့်ပြုလိုက်တာကြောင့် သားသတ်ရုံက ထွက်လာတဲ့ အသားမဟုတ်ဘဲ သန့်ရှင်းတဲ့ အသားကို ရောင်းချခွင့်ပြုတဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံ ဖြစ်လာတယ်လို့ အမေရိကန်လုပ်ငန်း start-up Eat က ဒီဇင်ဘာ ၂ ရက်မှာ ပြောပါတယ်။ ဓာတ်ခွဲခန်းထုတ် ကြက်သားကို အသားတုံးအဖြစ်နဲ့ အရည်အသွေး အကောင်းဆုံး ကြက်သားဈေးနဲ့ ရောင်းချမှာဖြစ်ပြီး မကြာခင် စင်ကာပူစားသောက်ဆိုင်တဆိုင်မှာ စတင် ရောင်းချ မယ်လို့ လုပ်ငန်း ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ဂျော့ရှ် တက်ထရစ်က ပြောပါတယ်။  သဘာဝပတ်ဝန်းကျင် ၊ ကျန်းမာရေးနဲ့ တိရစ္ဆာန် စောင့်ရှောက်ရေးတို့အတွက် စိုးရိမ်နေကြ ချိန်မှာ အစားထိုးအသားတွေအတွက် ဈေးကွက် တောင်းဆိုမှု မြင့်မားနေပါတယ်။ လူဦးရေ ၅ ဒသမ ၇ သန်းရှိတဲ့ စင်ကာပူနိုင်ငံမှာ စားနပ်ရိက္ခာ လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်တာပါ။ လာမယ့်ဆယ်စုနှစ်မှာတော့ စင်ကာပူဟာ အဆင့်မြင့်နည်းပညာသုံး မွေးမြူစိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မှု နည်းလမ်းသစ်တွေကို  ပံ့ပိုးပြီး စားနပ်ရိက္ခာ ထုတ်လုပ်မှု မြှင့်တင်ဖို့ ရည်မှန်းချက် ကြီးကြီး စီစဉ်နေပါတယ်။
5 months Ago

June 14, 2020

ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်သည့်ဓာတ်ခွဲခန်း စဝ်စံထွန်းဆေးရုံတွင် ဇူလိုင်လဆန်း စဖွင့်မည်

ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်တဲ့ ဓာတ်ခွဲခန်းကို တောင်ကြီးမြို့က စဝ်စံထွန်းဆေးရုံမှာ ဖွင့်လှစ်သွားမယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသူဇာချစ်တင်က ဒီဗွီဘီကို ပြောပါတယ်။  နိုင်ငံခြားက ပြန်လာသူတွေ၊ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့တာကြောင့် ဓာတ်ခွဲနမူနာယူပြီး ရောဂါပိုးစစ်ဆေးရာမှာ ရန်ကုန်က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကိုသာ ပို့ဆောင်နေရကြောင့် အချိန်မီစစ်ဆေးနိုင်ဖို့ အခုလို ဖွင့်လှစ်တာလို့ ဆိုပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းအတွက် တောင်ကြီးက စဝ်စံထွန်းဆေးရုံမှာ ဖွင့်လှစ်ဖို့ပြင်ဆင်နေပြီး မြောက်ပိုင်း လားရှိုးပြည်သူ့ဆေးရုံကြီးမှာ ဖွင့်ဖို့အတွက်တော့ အဆောက်အဦ ဆောက်လုပ်ဖို့ ပြင်ဆင်နေပြီလို့ ပြောပါတယ်။ ဒီလကုန်ပိုင်းလိုအပ်တဲ့ စက်ပစ္စည်းတွေ ရောက်ရင် ဇူလိုင်လဆန်းလောက်ကို စက်တွေတပ်ဆင်ပြီး လည်ပတ်လို့ရမှာဖြစ်ကြောင်း၊ ရောဂါပိုးစစ်ဆေးပေးတဲ့ စက်ထားဖို့ လက်ရှိမှာ ဓာတ်ခွဲခန်းကို ပြင်ပေးထားပြီး ဒါဟာ အစိုးရအဖွဲ့ ရန်ပုံငွေနဲ့ဆောင်ရွက်တာလို့ ပြောပါတယ်။  တောင်ကြီး စဝ်စံထွန်းဆေးဟာ ဗဟိုအဆင့်ဆေးရုံဖြစ်တော့ ဆေးရုံမှာ ဖွင့်မယ့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်တဲ့ဓာတ်ခွဲခန်းမှာ တာဝန်ထမ်းဆောင်ဖို့ ပိုးမွှားဗေဒဆရာဝန်ကြီးအပြင် ဓာတ်ခွဲခန်းပညာရှင်တွေလည်း ရှိကြောင်း၊ သူတို့အဖွဲ့တွေ အကုန်လုံး ရန်ကုန် အမျိုးသားဓာတ်ခွဲခန်းမှာ သင်တန်းတက်ပြီးတဲ့အပြင် မန္တလေးမှာလည်း သင်တန်းတက်ထားတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ် တောင်ကြီး၊ လားရှိုး၊ မန္တလေး၊ မော်လမြိုင်မြို့တွေက ကိုဗစ်၁-၉ ရောဂါပိုး ရှိ၊ မရှိ စစ်တဲ့စက်တွေကို ဝေယံကမ္ဘာ့ကျောက်မျက်လုပ်ငန်းက လှူဒါန်းထားတာဖြစ်ပြီး ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၂ သောင်းလောက် ရှိပါတယ်။  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးနိုင်တဲ့ ဓာတ်ခွဲစက်တွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ မော်လမြိုင်တို့မှာ တပ်ဆင်ထားပြီး စစ်ဆေးပေးနေပါတယ်။ ရှမ်းပြည်နယ်တောင်ကြီးမှာ မကြာခင်ဖွင့်မယ့် ကိုဗစ်-၁၉  ရောဂါပိုး ရှိ၊ မရှိ စစ်တဲ့ ဓာတ်ခွဲခန်းမှာတော့ တနေ့ကို ဓာတ်ခွဲနမူနာ ၁၀၀ ကျော်လောက် စစ်ဆေးပေးနိုင်မယ်လို့ သိရပါတယ်။
11 months Ago
More News
Up