ဓာတ်လှေကား

February 27, 2018

ဓာတ်လှေကားတွင်း သေးပန်းသည့်ရုပ်သံ ဝေဖန်မှုမြင့်တက်

တရုတ်နိုင်ငံက ဓာတ်လှေကားတခုတွင်းမှာ ကလေးငယ်တဦး သေးပန်းနေတဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်ခဲ့ပြီးနောက် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က နိုင်ငံအနောက်တောင်ပိုင်း၊ ချောင်ကျင်းမြို့ အဆောက်အအုံတခုထဲမှာ ဖြစ်ခဲ့ပြီး ဝေဘို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေခဲ့တာပါ။ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဒီရုပ်သံဗွီဒီယိုဖိုင်ကို မျှဝေခဲ့ကာ ဒီအဖြစ်အပျက်အတွက် မိဘတွေဟာ သူတို့ရဲ့ရင်သွေးတွေကို ကောင်းကောင်း ပြုစုပျိုးထောင်ဖို့၊ ပညာပေးကြဖို့ လိုအပ်နေတယ်လို့ ပြောလိုက်တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကလေးငယ်ဟာ ဓာတ်လှေကားတွင်း ရှိနေချိန်မှာ အဆောက်အအုံ အထပ်တွေကို ဖော်ပြတဲ့ ခလုတ်ခုံတွေကို သေးနဲ့ပန်းခဲ့တာ တွေ့ရပြီး အဲဒါက ဓာတ်လှေကားဆားကစ်စနစ်ကို ထိခိုက်စေခဲ့ကာ မီးတွေ ပိတ်လိုက်ဖွင့်လိုက်ဖြစ်တာတွေ၊ ဓာတ်လှေကားတံခါး ဖွင့်လိုက်၊ ပိတ်လိုက် ဖြစ်နေတာတွေကို တွေ့ခဲ့ရပါတယ်။ လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှုခဲ့ကြသူ ၁၂ သန်းကျော် ရှိခဲ့ပြီဖြစ်ကာ ဝေဖန်မှုတွေနဲ့အတူ လူပြောများနေခဲ့တာပါ။ ဘေဂျင်းနယူးစ်သတင်းမှာတော့ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူဟာ ဒါကို သူ့သားက မလုပ်ခဲ့ဘူးလို့ ငြင်းဆိုခဲ့လို့ အငြင်းပွားမှုတွေ မြင့်တက်နေတယ်လို့ ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်အောက်မှာတော့ ဝင်ရောက်မှတ်ချက်ရေးကြတဲ့ အရေအတွက် ၂ သောင်းကျော် ရှိနေတာကို တွေ့ရပါတယ်။ အင်တာနက်အသုံးပြုသူတဦးကတော့ “သူ့မိသားစုရဲ့ ပညာရေးအဆင့်က ရှက်ဖွယ်ပါပဲ” လို့ ရေးခဲ့သလို နောက်တဦးကလည်း “ဓာတ်လှေကား ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးတောင်းသင့်တယ်” လို့ ရေးခဲ့ပါတယ်။ တချို့ကလည်း ဒါကို ရယ်စရာမောစရာအဖြစ်သာ ရှုမြင်ရေးသားခဲ့ကြပြီး “ဒါကို သိပ် ကြီးကြီးမားမား မခံစားကြပါနဲ့။ သူက ကလေးအရွယ်ပဲ ရှိသေးတာပါ” လို့ ရေးခဲ့ပါတယ်။
4 years Ago

June 7, 2017

ဓာတ်လှေကားတံခါးနှင့်ညပ်ပြီး သေဆုံးခဲ့ရသည့် ဆရာဝန်၏ ထိတ်လန့်ဖွယ်ရုပ်သံ ထွက်ပေါ်

ထိုင်ဝမ်တက္ကသိုလ်တခုမှာ ဓာတ်လှေကားထဲမှအထွက် တံခါးနဲ့ညပ်မိပြီး သေဆုံးခဲ့ရတဲ့ ဆရာဝန်အမျိုးသားတဦးရဲ့ ထိတ်လန့်ဖွယ် နောက်ဆုံးအခိုက်အတန့် ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်ခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ သူ့ကိုကယ်တင်ဖို့ အချိန် ၁ နာရီကြာအောင် ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ဘဲ သေဆုံးသွားခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဇွန်လ ၆ ရက်နေ့က ဖော်ပြပါတယ်။ သတင်းအစီရင်ခံစာတွေရဲ့ အဆိုအရ အဲဒီအမျိုးသားဟာ ဓာတ်လှေကားတွင်း စတင်ဝင်ရောက်ခဲ့ချိန်မှာ သာမန်အခြေအနေအတိုင်း ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူဟာ ဓာတ်လှေကားထဲက အထွက်မှာတော့ သူ့တကိုယ်လုံး အပြင်မရောက်ခင် တံခါးပိတ်သွားခဲ့ပြီး ခြေထောက်တွေ ညပ်သွားခဲ့တာပါ။ ဓာတ်လှေကားကတော့ ဆက်ရွေ့လျားနေခဲ့တာကို တွေ့ရပြီး သူဟာ အရေးပေါ် အကူအညီအတွက် သူ့ရဲ့ မိုဘိုင်းဖုန်းနဲ့ ဆက်ခေါ်ဖို့ ထိတ်လန့်တကြား ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ အသက် ၄၅ နှစ်အရွယ် အဲဒီအမျိုးသားဟာ ပထမထပ် တက္ကသိုလ် အားကစားအဆောင်ကနေ ဒုတိယထပ်ဆီသွားဖို့ ဓာတ်လှေကားကို အသုံးပြုခဲ့တာပါ။ အဲဒီဓာတ်လှေကားဟာ ၁၉၉၉ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး မကြာခဏ ပြုပြင်ထိန်းသိမ်းတာတွေ လုပ်လေ့ရှိတယ်လို့ တက္ကသိုလ်တာဝန်ရှိသူတဦးက ပြောပါတယ်။
5 years Ago
Up