ဓာတ်ငွေ့

July 20, 2019

တရုတ် ဓာတ်ငွေ့ စက်ရုံပေါက်ကွဲ၊ ၁၀ ဦး သေဆုံး

တရုတ်နိုင်ငံ ဟီနန်ပြည်နယ် ဓာတ်ငွေ့စက်ရုံတခုမှာ  ဇူလိုင် ၁၉ ရက်နေ့က ပေါက်ကွဲမှု ဖြစ်တာကြောင့် ၁၀ ယောက် သေဆုံးပြီး ၁၉ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်လို့ နိုင်ငံပိုင် CCTV သတင်းဌာနမှာ ဖော်ပြပါတယ်။ ပေါက်ကွဲမှုမှာ ၅ ယောက် ပျောက်ဆုံးနေဆဲဖြစ်ပြီး ရှာဖွယ်ကယ်ဆယ်ရေးအတွက် မီးသတ်သမား ၂၀၉ ယောက်ကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုဟာ ယီမာဓာတ်ငွေ့စက်ရုံရဲ့ ဓာတ်ငွေ့ခွဲခြားရေး ယူနစ်မှာ ဖြစ်ခဲ့ပြီး အဲဒီနောက်မှာတော့ ထုတ်လုပ်ရေး ရပ်တန့်ခဲ့တယ်လို့ ဒေသအစိုးရက ဝေဘို တရုတ်လူမှုကွန်ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ယီမာဓာတ်ငွေ့ထုတ်လုပ်ရေး စက်ရုံဟာ နိုင်ငံပိုင် ဟီနန်ကျောက်မီးသွေး ဓာတ်ငွေ့ကုမ္ပဏီရဲ့ စက်ရုံဖြစ်ပါတယ်။ ဒီလအစောပိုင်းက အဲဒီစက်ရုံကို ဘေးကင်းလုံခြုံစွာ ထုတ်လုပ်တဲ့ စံပြ စက်ရုံတခုအဖြစ် စာရင်သွင်းခဲ့တယ်လို့ ပေကျင်းသတင်းက ဆိုပါတယ်။ တရုတ်နိုင်ငံဟာ လုပ်ငန်းခွင် မတော်တဆမှု ကြီကြီးမားမားဖြစ်တဲ့ နောက်ခံသမိုင်းရှိပြီး မတ်လတုန်းကလည်း ကျန်စုပြည်နယ်မှာ စက်ရုံပေါက်ကွဲမှုကြောင့် ၇၈ ယောက် သေဆုံးခဲ့ပါတယ်။
2 years Ago
Up