ဓာတ်ရထား

March 19, 2019

နယ်သာလန်တွင် ဓာတ်ရထားပေါ် သေနတ်ဖြင့်ပစ်ခတ်၊ လူ ၃ ဦး သေဆုံး

နယ်သာလန်နိုင်ငံ ယူထရက်ခ်ျ်မြို့မှာ မတ်လ ၁၈ ရက်နေ့က ဓာတ်ရထားတစီးပေါ်မှာ သေနတ်နဲ့ပစ်ခတ်တာခံရလို့ လူသုံးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့တယ်လို့ ယူထရက်ခ်ျ မြို့တော်ဝန်က ပြောပါတယ်။ အဲဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ တူရကီအမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ သံသယရှိသူဟာ အသက် ၃၇ နှစ်အရွယ် ဂိုခ်မန်တန်းနစ်စ်ဆိုသူ ဖြစ်ပါတယ်။ လူစည်ကားတဲ့ မနက်ပိုင်း ရုံးတက်ချိန်မှာ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် ရဲတပ်ဖွဲ့ဝင်တွေဟာ နေရာတချို့ကို ဝင်ရောက်စီးနင်းပြီး သံသယရှိသူကို လိုက်ရှာခဲ့ကြပါတယ်။ ဒါဟာ အကြမ်းဖက်တိုက်ခိုက်တာလို့ သုံးသပ်ရကြောင်း အာဏာပိုင်တွေက ကနဦး ပြောခဲ့ကြပေမယ့် မိသားစုပြဿနာကြောင့် ဖြစ်နိုင်တယ်လို့ အစိုးရရှေ့နေတဦးက ပြောပါတယ်။ အခင်းဖြစ်တဲ့ ဓာတ်ရထားပေါ်မှာ သေနတ်သမားဟာ သူနဲ့ ဆွေမျိုးတော်စပ်တဲ့ အမျိုးသမီးတဦးကို ပစ်ခတ်ခဲ့ပြီး အဲဒီအမျိုးသမီးကို ကူညီဖို့ ကြိုးစားတဲ့လူတွေကိုလည်း ထပ်ပစ်ခဲ့တယ်လို့ တူရကီနိုင်ငံပိုင် အနာဒိုလူ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ မှုခင်းဆိုင်ရာ ဆေးပညာအဖွဲ့က အခင်းဖြစ်တဲ့နေရာကို သွားပြီး စုံစမ်းစစ်ဆေးတာတွေ စလုပ်နေကြပါတယ်။
3 years Ago
Up