ဓာတ်ပုံရိုက်သည့် နိုင်ငံခြားသားနှစ်ဦး အဖမ်းခံရ

November 30, 2017

ထိုင်းဘုရားစေတီများရှေ့ ဘောင်းဘီချွတ်ပြီး ဓာတ်ပုံရိုက်သည့် နိုင်ငံခြားသားနှစ်ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဘုရားစေတီတွေမှာ ဘောင်းဘီချွတ်နဲ့ ဓာတ်ပုံအရိုက်ခံပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့သူ နိုင်ငံခြားသား ၂ ဦး နိုဝင်ဘာ ၂၈ ရက် ညက ဖမ်းဆီးခံခဲ့ရပါတယ်။ ဘန်ကောက်ယိုင်နယ်မြေရှိ ပရန်ဝပ်အရွန်ရာ့ခ်ျဝါးရန်းစေတီ အပါအဝင် တခြား အထွတ်အမြတ်ထားရာ နေရာတွေမှာ ဘောင်းဘီချွတ်ပြီး ကျောပေးထားတဲ့ ဓာတ်ပုံတွေ ပြီးခဲ့တဲ့ နိုဝင်ဘာ၂၄ ရက်နေ့ကစပြီး တွစ်တာနဲ့ အင်စတာဂရမ် လူမှုကွန်ရက်ပေါ် ပျံ့နှံ့ပြီးတဲ့နောက် အဲဒီ နိုင်ငံခြားသား ၂ ဦးကို ဖမ်းဆီးစစ်ဆေးဖို့ ဘန်ကောက် ယိုင်နယ်မြေရဲစခန်းက တနိုင်ငံလုံးရှိ ရဲတပ်ဖွဲ့တွေဆီ အကြောင်းကြားခဲ့ပါတယ်။ နိုဝင်ဘာ ၂၈ ရက် ည ၈ နာရီလောက်ကတော့ ဘန်ကောက် ဒွန်မောင်းလေဆိပ်မှ  ပြည်ပကို ထွက်ခွာမယ့် အသက် ၃၈ နှစ်အရွယ် နိုင်ငံခြားသား ၂ ဦးကို ထိုင်း လ.ဝ.က ရဲတွေက ကွန်ပျူတာနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဖမ်းဆီးလိုက်တာပါ။ သူတို့နှစ်ဦးမှာ အမေရိကန်နိုင်ငံသား ဂျိုးဇက်နဲ့ ထရာဗစ် ဆိုသူတို့ ဖြစ်ကြပြီး ဘောင်းဘီချွတ် ဓာတ်ပုံရိုက်ခံခဲ့မိကြောင်း ဝန်ခံခဲ့ကြပြီး သူတို့နှစ်ဦးဟာ သူတို့ လည်ပတ်ရောက်ရှိခဲ့တဲ့ တခြားနိုင်ငံတွေမှာလည်း အခုလိုပြုမူခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ အများပြည်သူ အထွတ်အမြတ်ထား ကိုးကွယ်ရာနေရာတွေမှာ ခုလို မဖွယ်မရာ လုပ်ဆောင်ရင် ဥပဒေနဲ့အညီ အရေးယူခံရမှာဖြစ်ကြောင်း၊ နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာတရားတွေကို လေးစားရမှာဖြစ်ကြောင်း  ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန ရဲမှူးကြီး ချိန်းလွန်းရိမ်းဖဒီက သတင်းထောက်တွေကို ပြောပါတယ်။
4 years Ago
Up