ဓာတ်ပုံပြပွဲ

April 6, 2019

“မြေမြှုပ်မိုင်းကြောင့် အရှုံးမပေးပါ၊ မျှော်လင့်ချက်နှင့် တွန်းလှန်ပါ’’ ဓာတ်ပုံပြပွဲ

မြေမြှုပ်မိုင်းဒဏ်သင့်ပြီး အခက်အခဲတွေကို ကျော်လွှားခဲ့သူတွေရဲ့ ဘ၀အား ရိုက်ကူးပြသထားတဲ့ ဓာတ်ပုံပြပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းမှာ ပြုလုပ်နေပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC နဲ့ မြန်မာ့ကြက်ခြေနီအသင်း (MRCS) တို့ ပူးပေါင်းပြီး  “မြေမြှုပ်မိုင်းကြောင့် အရှုံးမပေးပါ၊ မျှော်လင့်ချက်နှင့် တွန်းလှန်ပါ’’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးနေ့ အထိမ်းအမှတ်အဖြစ် မြေမြှုပ်မိုင်းဒဏ်သင့်ကာ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားခဲ့သူတို့ရဲ့ ဓာတ်ပုံပြပွဲကို ဧပြီ ၅ ရက်ကနေ ၁၂ ရက်နေ့အထိ စီတာပူ မနောကွင်းမှာ ပြသနေတာပါ။ အဆိုပါ ဓာတ်ပုံပြပွဲမှာ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ကချင်ပြည်နယ်ရှိ ပြည်သူ ၇ ဦးရဲ့ ဘ၀ဇာတ်ကြောင်းတွေကို ICRC ပြန်ကြားရေးတာဝန်ခံ ဒေါ်လှယမင်းအိမ် ရိုက်ကူးထားတဲ့ ဓာတ်ပုံပေါင်း ၅၂ ပုံကို ပြသထားပါတယ်။ အခုလို ဓာတ်ပုံပြပွဲပြုလုပ်ရတာဟာ မြေမြှုပ်မိုင်းရဲ့ အကျိုးဆက်တွေကို မြေမြှုပ်မိုင်းကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေရဲ့ ဘ၀ဇာတ်ကြောင်းကို အသိပေးနှိုးဆော်ပြီး မြန်မာနိင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းအရာတွေကို အာရုံစိုက်လာစေဖို့ ရည်ရွယ်ပြုလုပ်တာလို့ ICRC မြစ်ကြီးနားရုံးခွဲ တာဝန်ခံ Mr.Zi-Su Kim က ပြောပါတယ်။ မြန်မာနိင်ငံလုံးအတိုင်းအတာနဲ့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေကြောင့် ၂၀၁၇ ခုနှစ်အတွင်း လူ ၁၇၀ ကျော် ထိခိုက်သေဆုံးခဲ့ပြီး၊ ၂၀၁၈ ခုနှစ်မှာ ထိခိုက်မှု ၂၈၀ လောက် ရှိတယ်လို့ မြန်မာနိင်ငံ မိုင်းအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက သိရပါတယ်။ ဓာတ်ပုံပြပွဲမှာ ပြသထားတဲ့ မြေမြှုပ်မိုင်းဒဏ်ကြောင့် ခြေတဖက်ဆုံးရှုံးခဲ့ရတဲ့ မအေးအေးဝင်းက “တခြားအရပ်သားတွေ ဒီလိုမျိုး ထိခိုက်မှာ စိုးရိမ်တယ်၊ ကျမဖြစ်ခဲ့သလို ဘယ်သူ့ကိုမှ မဖြစ်စေချင်ဘူး’’ လို့ ပြောပါတယ်။ ကချင်ပြည်နယ်မှာ တနိင်းနဲ့ ဖားကန့် ဒေသတွေဟာ မြေမြှုပ်မိုင်းဒဏ်ခံစားရမှု အများဆုံးနေရာဖြစ်ပြီး ရှမ်းပြည်နယ်ရှိ ကျောက်မဲနဲ့ နမ့်ဆန်မြို့နယ်မှာလည်း ထိခိုက်ခံရမှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာလည်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေ မြင့်တက်လာနေတယ်လို့ Mr.Zi-Su Kim က ပြောပါတယ်။ မြန်မာနိင်ငံမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC အနေနဲ့ ကချင်၊ ကရင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့က မြေမြှုပ်မိုင်းဒဏ်ခံစားနေရတဲ့ နေရာဒေသတွေမှာ ဘေးကင်းစေရေး အလေ့အထတွေ ပိုမိုသိရှိလာစေဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
3 years Ago

September 7, 2018

နုလုံးသားထဲပုဂံ ခေါင်းစဉ်ဖြင့် မုံရွာတွင် ပထမဆုံးအကြိမ် ဓာတ်ပုံပြပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမမှာ နုလုံးသားထဲပုဂံ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပထမဆုံးအကြိမ် ဓာတ်ပုံပြပွဲကို ၃ ရက်ကြာ ပြုလုပ်နေပါတယ်။ ဒီပြပွဲမှာ နိုင်ငံသား ဓာတ်ပုံပညာရှင်နဲ့ ဝါသနာရှင်တွေ ရိုက်ကူးထားတဲ့ ပုဂံဒေသ ဓာတ်ပုံပေါင်း ၂၀၀ နီးပါးကို ပြသနေတာပါ။ ပြပွဲမှာ ပြသထားတဲ့ ဓာတ်ပုံတွေကို အနည်းဆုံး မြန်မာငွေကျပ် ၁ သိန်းခွဲ ဈေးသတ်မှတ်ကာ ရောင်းချပေးသွားမှာလည်း ဖြစ်ပါတယ်။ ရရှိတဲ့ငွေတွေကိုတော့ ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ လုပ်ဆောင်တဲ့ နေရာတွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။ “အတိအကျဆိုရင် ၁၉၇ ပုံရှိတယ်။ နောက်ထပ်လည်း ရောင်းရတဲ့ နေရာတွေကို ပြန်ဖြည့်သွားဖို့ ရှိတယ်။ နောက်ထပ် ပုံ ၂၀ ကျော် ရှိပါသေးတယ်။ ဒီပွဲက မုံရွာမြို့မှာရှိတဲ့ ပုဂံကိုချစ်တဲ့၊ ပုဂံကို တန်ဖိုးထားတဲ့ ပိုက်ဆံတတ်နိုင်တဲ့သူတွေ ဝယ်ယူရင်း ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ လုပ်ဆောင်ရာမှာ ကူညီစေချင်တာပါ။ ဖိုတိုအယ်လ်ဘမ် အနေနဲ့လည်း စာအုပ်တွေ ထုတ်ထားပါတယ်။ တအုပ်ကို  တသောင်းခွဲနဲ့ ရောင်းချပေးပါတယ်။ ပြီးတော့ ပုဂံရဲ့ အငွေ့အသက်ပါတဲ့ လွယ်အိတ်၊ အင်္ကျီတွေကိုလည်း ရောင်းချပေးပါတယ်။ ဒီလိုပွဲကို ပုဂံ၊ ရန်ကုန်၊ မန္တလေး၊ မုံရွာမှာ ပြုလုပ်နေတာပါ။ နိုင်ငံတော်အတွက် အများကြီး အကျိုးရှိပါတယ်” လို့ ပွဲစီစဉ်သူ ကိုပြည့်ဖြိုးမောင်မောင်က ပြောပါတယ်။ ဒီဓာတ်ပုံပြပွဲမှာ မုံရွာမြို့ခံ ဓာတ်ပုံဆရာတွေ အပါအဝင် ဓာတ်ပုံဆရာ ၁၂၀ ဦးရဲ့ ဓာတ်ပုံတွေကို ပြသနေတာပါ။ မုံရွာမြို့မှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ နုလုံးသားထဲပုဂံ ဓာတ်ပုံပြပွဲကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ) တာဝန်ရှိသူတွေ၊ တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ နှလုံးသားထဲက ပုဂံအဖွဲ့၊ မေတ္တာမိုး ပရဟိတအဖွဲ့၊ မြန်မာနိုင်ငံအတွင်းက ဓာတ်ပုံပညာရှင်၊ ဝါသနာရှင်တွေနှင့် ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။
နှလုံးသားထဲကပုဂံ ဓါတ်ပုံပြပွဲကို ပုဂံ၊ ရန်ကုန် အမျိုးသားပြတိုက်၊ မန္တလေး နဲ့ မုံရွာမြို့တွေမှာ လှည့်လည်ပြလုပ်နေတာ ဖြစ်ပါတယ်။
3 years Ago
More News
Up