ဓာတ်ခွဲခန်း

June 5, 2019

မက္ကဆီကိုတွင် မက်သာဖက်တမင်း ၁၇ တန် ထုတ်လုပ်နိုင်သည့် ဓာတ်ခွဲခန်း ၃ ခု တွေ့ရှိ

မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း စီနာလိုအာပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေဟာ မက်သာဖက်တမင်း စိတ်ကြွဆေး ၁၇ တန် ထုတ်လုပ်နိုင်တဲ့ မူးယစ်ဓာတ်ခွဲခန်း ၃ ခုကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ မက္ကဆီကို အာဏာပိုင်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဇွန်လ ၅ ရက်နေ့မှာ ဖော်ပြပါတယ်။ အယ်လ်ဒိုရာဒို ဒေသတွင်းမှာ အပူချိန်မြင့်တက်နေတာကို အာဏာပိုင်တွေက သတိထားမိအပြီး နောက်ပိုင်းမှာ ဓာတ်ခွဲခန်းတွေ ရှာတွေ့ခဲ့တာပါ။ အာဏာပိုင်တွေ ရောက်လာချိန်မှာ အလုပ်လုပ်နေသူတွေ ထွက်ပြေးသွားခဲ့တယ်လို့ ရဲတွေက ယူဆနေကြပြီး မက်သာဖက်တမင်း ပထမအဆင့် ပစ္စည်းတွေကို အဲဒီနေရာကနေ သိမ်းဆည်းရမိခဲ့ပါတယ်။ စီနာလိုအာပြည်နယ်ဟာ အမေရိကန်မှာ တရားရင်ဆိုင်နေရတဲ့ မူးယစ်ရာဇာ ယွာချင် အယ်လ်ချာပို ဂက်ဇ်မန်းရဲ့ ရာဇဝတ်ဂိုဏ်း လှုပ်ရှားရာနယ်မြေလည်း ဖြစ်ပါတယ်။
2 years Ago

July 22, 2015

ဓာတ်ခွဲခန်း အကူဖြစ်လာသည့် ခွေးများ (ရုပ်သံ)

ခွေးဟာ လူရဲ့ အကောင်းဆုံးမိတ်ဆွေပဲလို့ ဆိုကြပါတယ်။ ဒါပေမယ့် မြောက်ကာရိုလိုင်းနား တက္ကသိုလ်မှာတော့ ခွေးက လူရဲ့ အကောင်းဆုံး ဓာတ်ခွဲခန်းအကူ ဖြစ်နေပြန်ပါတယ်။ ဒီဓာတ်ခွဲခန်းမှာ သုတေသန ပညာရှင်တွေက ခွေးတွေကို ကွန်ပျူတာ တပ်ဆင်ထားတဲ့ ကျောပိုးအိတ်တွေ ၀တ်ပေးထားပါတယ်။ ဒီဇယ်လ်ရဲ့ ပူးပေါင်းမှုအတွက် ဂုဏ်ပြုပေးထားတာပါ။ ဒေါက်တာဒေးဗစ်ကတော့ ဒီရှေ့ပြေးပုံစံကို smart harness လို့ အမည်ပေးထားပါတယ်။ "ဒီ smart harness ကို ခွေးနဲ့ ခွေးထိန်းတွေကြားမှာ ကွန်ပျူတာကြားခံထားတဲ့ နှစ်လမ်းသွား ဆက်သွယ်ရေးအဖြစ် တွေးကြည့်နိုင်ပါတယ်။" ဒီ smart harness တွေကို webcam (၀က်ဘ်ကမ်)၊ စပီကာနဲ့ ကြိုးမဲ့ အဒက်ပ်တာ (adapter) တို့လို ၀ယ်သူစိတ်ကြိုက် နည်းပညာတွေနဲ့ ထုတ်လုပ်ထားပါတယ်။ "ကျေန်ာတို့က ဒီနည်းပညာကိုသုံးပြီး အရမ်းအခြေခံကျတဲ့ မေးခွန်းတချို့ မေးထားပါတယ်။ ကွန်ပျူတာကြားခံ ဆက်သွယ်ရေးအပေါ် ခွေးတွေရဲ့ နားလည်သိမြင်ပုံနဲ့ ကြိုးမဲ့ဆက်သွယ်ရေးက တဆင့် ခွေးထိန်းဆီကို ဒစ်ဂျစ်တယ်အချက်ပြတွေ ပို့ပေးဖို့ ခွေးတွေက ကွန်ပျူတာနဲ့ တုံ့ပြန် ဆက်သွယ်နိုင်ပုံ စတဲ့သဘာဝတွေနဲ့ ပတ်သက်ပြီးတော့ပေါ့။" ဒီဓာတ်ခွဲခန်းမှာ သုတေသနပညာရှင်တွေက အမိန့်တွေ တိုက်ရိုက်ပေးရာမှာ အထောက်အကူရစေဖို့ ဆဲလ်ဖုန်းမြည်သံတွေ ဖန်တီးရာမှာသုံးတဲ့ တုန်ခါမှုအချက်ပြ မော်တာတွေကို စမ်းသပ်နေတာပါ။ ဒီဇယ်လ်ဟာ လွယ်လင့်တကူ ကျင့်သားရသွားပါတယ်။ ဒေါက်တာ ဘာဘရာရှားမန်း ကတော့ ဒီနည်းပညာက အန္တရာယ်ကင်းတယ်လို့ ဆိုပါတယ်။ "အပူလွန်ကဲနေသလား၊ ဘေးကင်းတဲ့ နယ်မြေထဲမှာ ရောက်နေလား စတဲ့ ကြားခံဆက်သွယ်ရေးတွေကတဆင့် ဒီခွေးကို ပိုပြီးလုံခြုံအောင် ထားနိုင်သလို ခွေးက ကျနော်တို့ကို ဆက်သွယ်တဲ့၊ သိမ်မွေ့တဲ့ သတင်းအချက်အလက်တွေကို ပိုပြီးသိလာမှာ ဖြစ်ပါတယ်။" နောက်ထပ်ရှေ့ပြေးပုံစံမှာ အီးစီဂျီ လျှပ်ခေါင်းတွေ တပ်ဆင်ထားတာမို့ ခွေးရဲ့နှလုံးခုန်နှုန်းကို စောင့်ကြည့်နိုင်ပါတယ်။ ဆင်ဘာဆိုရင် ဒါကို စိတ်အနှောင့်အယှက် ဖြစ်ပုံမရပါဘူး။ ဒေါက်တာ အယ်လ်ပါဘော့ဇ် ကာ့ ကတော့ ခွေးပိုင်ရှင်တွေအဖို့ ဒီကိရိယာက အသုံးတည့်လာမယ်လို့ မျှော်လင့်ထားပါတယ်။ "ကျနော်တို့ရဲ့ အိပ်မက်ကတော့ သာမန်လူတွေအဖို့ အိမ်မှာ သူတို့ခွေးတွေကို ပညာရှင်တွေအလား လေ့ကျင့်ပေးနိုင်တဲ့စွမ်းရည်ကို ပေးနိုင်ဖို့ပါပဲ။ ဒါမှသာ ဒီအိမ်မွေးတိရစ္ဆာန်တွေကို အလုပ်လုပ်ပေးနိုင်တဲ့ တိရစ္ဆာန်တွေအဖြစ် အသွင်ပြောင်းနိုင်မှာပါ။" ဒီအဖွဲ့ကတော့ ဒီဇယ်လ်လို အမဲလိုက်ခွေးတွေကို သူတို့အလုပ်မှာ ပျော်ရွှင်အောင် ကစားလိုက် နားလိုက်နဲ့ သာယာဖွယ်တနေ့တာကို ပိုင်ဆိုင်သွားနိုင်အောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
6 years Ago
Up