ဆီးရီးယားနိုင်ငံ၊ အစ်ဒ်လစ် (Idlib) ပြည်နယ်မှာ ကလေးတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့တဲ့ အဆိပ်ဓာတ်ငွေ့ တိုက်ခိုက်မှုဟာ ဆီးရီးယားသူပုန်တွေရဲ့ ဓာတုလက်နက်တွေ ထိမှန် ပေါက်ကွဲမှုကြောင့်လို့ ရုရှားနိုင်ငံက တန်ပြန်စွပ်စွဲလိုက်ပါတယ်။
ဆီးရီးယားလေတပ်က ခမ်း ရှိတ်ခွန်း (Khan Sheikhoun) မြို့က သူပုန်တွေကို သွားရောက်တိုက်ခိုက်တာ မှန်ပေမယ့် အဲ့ဒီနေရာမှာ သူပုန်တွေရဲ့ အဆိပ်သင့် ဓာတုပစ္စည်းသိုလှောင်ရုံကို ထိမှန်ပေါက်ကွဲခဲ့တာလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုတာပါ။
အမေရိကန်နဲ့ တခြားအင်အားကြီးနိုင်ငံတွေကတော့ ဆီးရီးယားလေတပ်က ဓာတုဗုံးတွေ ကြဲချခဲ့တာလို့ အခိုင်အမာ ပြောဆိုနေပေမယ့် ဆီးရီးယားအစိုးရကလည်း ယတိပြတ် ငြင်းဆန်နေပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ္စ ဂျွန်ဆင် (Boris Johnson) ကတော့ ရရှိထားတဲ့ အထောက်အထားတွေအရ ဆီးရီးယားသမ္မတ အာဆတ်အစိုးရက သူ့ရဲ့ပြည်သူတွေအပေါ် တရားမဝင်လက်နက် သုံးစွဲသတ်ဖြတ်တာလို့ ပြောဆိုပါတယ်။
အဲ့ဒီအဆိပ်သင့်ဓာတု တိုက်ခိုက်မှုအတွင်း ကလေး ၁၁ ဦး အပါအဝင် အနည်းဆုံး လူ ၅၈ ဦး သေဆုံးခဲ့ပါတယ်။
ဒေသခံ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေကတော့ သေဆုံးသူ ၆၇ ဦးအထိရှိပြီး လူ ၃၀၀ လောက်လည်း ဒဏ်ရာရတယ်လို့ ပြောပါတယ်။
စစ်လေယာဉ်တွေဟာ လူတွေ အိပ်ပျော်နေချိန် ညသန်းခေါင်ကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ မျက်မြင်တွေက ဆိုပါတယ်။
ဆီးရီးယားလူ့အခွင့်အရေးအဖွဲ့ (SOHR) က ဆေးဝန်ထမ်းတွေကုသတဲ့ ဒဏ်ရာရလူနာတွေဟာ ဖျော့တော့အားနည်းပြီး အန်တာ၊ ပါးစပ်ကနေ အမြှုပ်ထွက်တာတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။
ဒါဟာ ၆ နှစ်ကြာ ဆီးရီးယားစစ်အတွင်း လူသေဆုံးထိခိုက်မှုအများဆုံး ဓာတုလက်နက်တိုက်ခိုက်မှုဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago