ဓာတုပစ္စည်းပေါက်ကွဲမှု အစိုးရအရာရှိနှင့်

November 11, 2016

ဓာတုပစ္စည်းပေါက်ကွဲမှု အစိုးရအရာရှိနှင့်ကုမ္ပဏီမန်နေဂျာ ၄၉ ဦးကို ထောင်ဒဏ်များ ချမှတ်

တရုတ်နိုင်ငံ တရားရုံးတခုက အစိုးရ အရာရှိ ၂၅ ယောက်နဲ့ ကုမ္ပဏီမန်နေဂျာ ၂၄ ယောက်ကို မနှစ်က တီယန်ဂျင်းမြို့မှာ ဓာတုပစ္စည်း ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ မနှစ်က ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်တဲ့  တီယန်ဂျင်းမှာ ဆက်တိုက်ပေါက်ကွဲမှုအတွင်း လူပေါင်း ၁၆၅ ယောက် သေဆုံးခဲ့ပါတယ်။ တရားရုံးက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေထဲမှာ ၁ နှစ်ခွဲကနေ ဆိုင်းငံ့သေဒဏ်အထိ ပါဝင်တယ်လို့ နိုင်ငံပိုင်မီဒီယာက ကြေညာပါတယ်။ တီယန်ဂျင်း တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်သူတွေထဲမှာ တီယန်ဂျင်း ရူဟိုင်း အင်တာနေရှင်နယ် လောဂျစ်စတစ်ကုမ္ပဏီ လီမိတက်ရဲ့ ဥက္ကဋ္ဌ Yu Xuewei လည်း ပါဝင်ပါတယ်။ သူ့ကိုတော့ ဆိုင်းငံ့သေဒဏ် ချလိုက်တာပါ။ သူ့ကို ခွင့်ပြုချက်မရှိဘဲ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေ သိုလှောင်မှုကနေ လာဘ်ပေး လာဘ်မှုအထိ အမှုပေါင်းများစွာ စွဲချက်တင်ပြီး အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။ “ကျနော့်အနေနဲ့ မျှတတဲ့ ပြစ်ဒဏ်ကို ခံယူဖို့ အသင့်ရှိပါတယ်၊ သေဆုံးသွားသူတွေအတွက် ပြန်လည် ပေးဆပ်တဲ့အနေနဲ့ ဘယ်တော့မှလည်း အယူခံဝင်မှာလည်း မဟုတ်ပါဘူး” လို့ ပြောသွားပါတယ်။ ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်းက ဓာတုပစ္စည်းတွေကို သိုလှောင်တဲ့ ဂိုဒေါင် ပေါက်ကွဲမှုမှာ ဆုံးရှုံးမှု အမေရိကန် ဒေါ်လာ သန်း ၁ ထောင်ကျော် ရှိပါတယ်။ ဂိုဒေါင်ဟာ လူနေအိမ်တွေနဲ့ နီးကပ်လွန်းတဲ့အတွက်လည်း လူသေဆုံးတဲ့ အရေအတွက် အဆမတန် ပိုများခဲ့ပါတယ်။ အစိုးရရဲ့ အစီရင်ခံစာထဲမှာ ကုမ္ပဏီဟာ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို တရားမဝင် သိုလှောင်ခဲ့တဲ့အတွက် ပေါက်ကွဲမှု ဖြစ်ရတာလို့  ဖော်ပြပါတယ်။ ဖေဖော်ဝါရီလမှာ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ ပေါက်ကွဲမှုနဲ့ပတ်သက်လို့ လူ ၄၉ ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
6 years Ago
Up