ဓာတုပစ္စည်းများမီးလောင်မှု

September 1, 2020

လူဝီစီယားနားပြည်နယ်၌ ဓာတုပစ္စည်းများမီးလောင်မှုကြောင့်  အဆိပ်သင့်မီးခိုးအန္တရာယ်ရှိနေ

အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျွန်ဘဲလ်အဒ်ဝပ်က ပြည်နယ် အနောက်တောင်ပိုင်းက ရပ်ကွက် ၃ ခုမှာ နေကြတဲ့ ဒေသခံတွေ သြဂုတ် ၂၇ ရက်ကစပြီး ပြတင်းပေါက်တွေ တံခါးတွေကို  ပိတ်ထားကာ အခန်းထဲမှာပဲ နေကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဟာရီကိန်းမုန်တိုင်း လော်ရာကြောင့် ပျက်စီးခဲ့တဲ့ ဘိုင်အိုလဘ်စက်ရုံမှာ ဓာတုပစ္စည်းတွေ မီးလောင်လို့ ထွက်လာတဲ့ မီးခိုးတွေရဲ့ အဆိပ်သင့်မှာကို စိုးရိမ်လို့ အခုလို သတိပေးတာပါ။ KIK Custom Products နိုင်ငံတကာကော်ပိုရေးရှင်းက ဘိုင်အိုလဘ်စက်ရုံမှာ ကလိုရင်းဓာတ်ငွေ့ဓာတု မီးလောင်မှုကို အတည်ပြုပြီး သက်ရောက်မှုတွေကို တတ်နိုင်သမျှ အမြန်ဆုံးထိန်းချုပ်စစ်ဆေးဖို့ တခြားဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ စက်ရုံကိုယ်စားလှယ်က ပြောပါတယ်။ လော်ရာမုန်တိုင်းကြောင့် လူဝီစီယားနားနဲ့ တက္ကဆပ်ပြည်နယ်တွေက မြို့တွေမှာ သစ်ပင်ပိလို့လူ ၄ ယောက် သေဆုံးခဲ့ပေမဲ့ မုန်တိုင်းကြောင့်ဖြစ်တဲ့ အပျက်အစီးကတော့ ခန့်မှန်းထားတာအောက် လျော့နည်းပြီး မီးတောက်တွေကိုတော့ ထိန်းချုပ်နိုင်ပြီလို့ ရဲတွေက ပြောပါတယ်။ ဒီစက်ရုံဟာ အိမ်တွင်းသန့်ရှင်းရေးနဲ့ ရေကူးကန် ပိုးသတ်ရေးအတွက် ကလိုရင်းအခြေပြု ကုန်စည်တွေ ထုတ်လုပ်တယ်လို့ သူ့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မီးခိုးကြောင့် စက်ရုံနားက လမ်းဆုံ အမှတ် ၁၀ ကို မဖြတ်ဖို့ ရဲတွေက ယာဉ်ကြောပိတ်ဆို့ ထားပါတယ်။
1 year Ago
Up