ဓာတုဓာတ်ငွေ့

August 17, 2015

တီယန်ဂျင်း ဆိပ်ကမ်း ဓာတုပေါက်ကွဲမီးလောင်မှုကြောင့် အဆိပ်သင့် ဓာတုဓာတ်ငွေ့ ပျံ့နှံ့

တရုတ်ပြည် တီယန်ဂျင်းဆိပ်ကမ်း ဓာတုပေါက်ကွဲမီးလောင်မှုဖြစ်ပြီး အဆိပ်သင့် ဓာတုဓာတ်ငွေ့တွေ ပျံ့နှံ့လာတဲ့အတွက် စက်ရုံအနီး နေထိုင်သူတွေကို ဘေးကင်းရာ ပြောင်းရွှေ့ပေးနေတယ်လို့ တီယန်ဂျင်းမြို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့က သြဂုတ် ၁၆ ရက်နေ့က ပြောပါတယ်။ ဆိပ်ကမ်းပတ်လည် ၃ ကီလိုမီတာအတွင်း နေထိုင်သူတွေကို နေအိမ်တွေကနေ ယာယီထွက်ခွာဖို့ အာဏာပိုင်တွေက ညွှန်ကြားခဲ့တာပါ။ လက်ရှိအချိန်အထိ ဆိပ်ကမ်းပေါက်ကွဲ မီးလောင်မှုနဲ့ ဆက်စပ်ပြီး သေဆုံးသူ ၁၁၂ ဦးရှိပြီး အယောက် ၇၀၀ ကျော်ကို ဆေးရုံတင်ထားရပါတယ်။ ဒဏ်ရာရသူတွေထဲက ၂၅ ယောက်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ သေဆုံးသူတွေထဲက ရုပ်အလောင်း ၂၄ လောင်းကို စိစစ်ပြီးဖြစ်ပြီး ၈၈ လောင်းကိုတော့ စိစစ်ဆဲဖြစ်ပါတယ်။ ဓာတ်ရောင်ခြည်ကာကွယ်ရေး ၀တ်စုံတွေ ၀တ်ဆင်ပြီး ဓာတုကျွမ်းကျင်သူ အဖွဲ့တဖွဲ့ကို စေလွှတ်ထားပြီး အဆိပ်သင့် ဆိုဒီယမ် ဆိုင်ယာနိုက် (Sodium Cyanide) ဓာတ်ငွေ့ စိမ့်ထွက်နေမှုကို ရှင်းလင်းဖယ်ရှားဖို့ ကြိုးစားနေပါတယ်။ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ တချို့နေရာတွေမှာ လက်ရှိအချိန်အထိလည်း မီးဆက်လက်လောင်ကျွမ်းနေပြီး သြဂုတ် ၁၅ ရက်နေ့က အသေးစားပေါက်ကွဲမှု ၁ ကြိမ် ဖြစ်ခဲ့ပါသေးတယ်။ ဆိပ်ကမ်းကုန်လှောင်ရုံ ဓာတုပေါက်ကွဲမှုဖြစ်ပြီး ၄ ရက်ကြာတဲ့အထိ လူ ၉၅ ယောက် ပျောက်ဆုံးနေဆဲဖြစ်ပြီး အဲဒီထဲက ၈၅ ယောက်ဟာ မီးသတ်တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ သြဂုတ် ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို ပျောက်ဆုံးသူ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေက ၀င်ရောက်နှောင့်ယှက်ခဲ့ကြပြီး ပျောက်ဆုံးသူတွေအတွက် အစိုးရက ဖြေရှင်းချက်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဆိပ်ကမ်းအာဏာပိုင်တွေကို လုပ်ငန်းခွင်အန္တရာယ် ကာကွယ်တားဆီးရေး စည်းကမ်းတွေကို မလိုက်နာမှုနဲ့ အစိုးရက ဖမ်းဆီးထားပါတယ်။ ဆိပ်ကမ်းပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး နိုင်ငံတ၀န်းက ဘေးအန္တရာယ်ရှိ ဓာတုပစ္စည်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းစက်ရုံတွေကို အစိုးရအာဏာပိုင်တွေ ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ပြီး အရေးယူ ရှင်းလင်းမှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
6 years Ago
Up