ဓာတုစက်ရုံပေါက်ကွဲ

March 22, 2019

တရုတ်တွင် ဓာတုစက်ရုံတခု ပေါက်ကွဲ၊ လူ ၄၇ ဦး သေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံမှာ ဓာတုစက်ရုံတခု ပေါက်ကွဲမှုကြောင့် လူပေါင်း ၄၇ ဦး သေဆုံးပြီး ၆၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက မတ်လ ၂၂ ရက်နေ့မှာ ပြောပါတယ်။ ကျန်စုပြည်နယ် ယန်ချန်ရှီမြို့ ချင်ကျားကန် စက်မှုဇုန်က ပိုးသတ်ဆေးစက်ရုံတခုမှာ မတ်လ ၂၁ ရက်က မီးလောင်ပေါက်ကွဲခဲ့ပြီး နောက်တနေ့ မနက် ၃ နာရီမှ မီးထိန်းနိုင်ခဲ့တယ်လို့ စီစီတီဗွီ သတင်းဌာနက ဖော်ပြပါတယ်။ ဒဏ်ရာရသူ ၆၄၀ ကို နီးစပ်ရာဆေးရုံ ၁၆ ခုဆီ ပို့ခဲ့ရပြီး အဲဒီထဲက ၃၂ ဦးဟာ ဒဏ်ရာပြင်းထန်ပါတယ်။ တီနီရှီ ဓာတုကုမ္ပဏီပိုင်တဲ့ စက်ရုံတခု မီးစလောင်ခဲ့ပြီး ကပ်လျက်ရှိတဲ့ တခြားစက်ရုံတွေကို မီးကူးစက်ခဲ့ပါတယ်။ ဒါ့အပြင် ပေါက်ကွဲအား ပြင်းထန်တာကြောင့် အနီးမှာရှိတဲ့ မူကြိုကျောင်းတခုက ကလေးငယ်တွေလည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ လက်ရှိမှာတော့ ပေါက်ကွဲမှုဖြစ်တဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။ တီနီရှီ ဓာတုကုမ္ပဏီဟာ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး စည်းကမ်းချိုးဖောက်တာတွေကြောင့် အရင်ကလည်း ခေါ်ယူသတိပေးခံရတဲ့အပြင် ဒဏ်ရိုက်ခံခဲ့ရတယ်လို့ China Daily သတင်းဌာနက ဖော်ပြပါတယ်။
3 years Ago

July 13, 2018

တရုတ်တွင် ဓာတုစက်ရုံ ပေါက်ကွဲ၊ ၁၉ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ (ရုပ်သံ)

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် စက်မှုဇုန်တခုမှာ ဇူလိုင် ၁၂ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် လူ ၁၉ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ ယီဘင်ဟန်ဒါ နည်းပညာကုမ္ပဏီပိုင် ဓာတုစက်ရုံမှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ကျီအန်းကန်စီရင်စု အာဏာပိုင်တွေက ဆိုပါတယ်။ ဆိုရှယ်မီဒီယာတွေကနေ တင်တဲ့ ဓာတ်ပုံတွေမှာ အဲဒီစက်ရုံကနေ မီးတောက်နဲ့ မီးခိုးလုံးတွေ ထိုးထွက်နေတာကို မြင်တွေ့ရပါတယ်။ အဲဒီပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ ဒီပေါက်ကွဲမှုဟာ တရုတ်နိုင်ငံ ဓာတုစက်ရုံ ကြီးမားတဲ့ ဘေးအန္တရာယ်ဖြစ်မှုတွေထဲက တခုဖြစ်တယ်လို့ ဘီဘီစီသတင်းအရ သိရပါတယ်။
3 years Ago
Up