ဓမ္မတာ ရာသီသွေးစွန်းထင်း၍ ဆရာမအဆူခံခဲ့ရသည့် ကျောင်းသူ ကိုယ့်ကိုယ်ကိုယ် သတ်သေ

September 1, 2017

ဓမ္မတာ ရာသီသွေးစွန်းထင်း၍ ဆရာမအဆူခံခဲ့ရသည့် ကျောင်းသူ ကိုယ့်ကိုယ်ကိုယ် သတ်သေ

ဓမ္မတာလာချိန် ကျောင်းဝတ်စုံ စွန်းထင်းသွားတဲ့အတွက် ဆရာမရဲ့ အော်ဟစ်ဆူပူခံခဲ့ရတဲ့ အသက် ၁၂ နှစ်အရွယ် ၆ တန်းကျောင်းသူတဦး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပါတယ်။ ကျောင်းသူမိန်းကလေးရဲ့ ကျောင်းဝတ်စုံအင်္ကျီနဲ့ ကစားကွင်းက ခုံတန်းပေါ်မှာ သွေးတွေ စွန်းထင်ခဲ့လို့ ဆရာမက ကျောင်းသူလေးကို အော်ဟစ်ခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ဆန်သီနာဂါမြို့မှာ ဖြစ်ခဲ့ပြီး အဲဒီ ၆ တန်းကျောင်းသူလေးဟာ အိမ်နီးချင်းတဦးရဲ့ ဝရန်တာ ခေါင်မိုးပေါ်ကနေ ခုန်ချပြီး သတ်သေခဲ့တာပါ။ ကျောင်းသူလေးဟာ သေကြောင်းကြံစည်မယ့် အရိပ်အယောင် မပြခဲ့ဘဲ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ရေးထားတဲ့ စာကိုသာ နောက်ပိုင်းမှာ တွေ့ခဲ့ကြောင်း ထိတ်လန့်တုန်လှုပ်နေကြတဲ့ သူမရဲ့မိဘတွေက ပြောပါတယ်။ စာထဲမှာ “ဘာပြောရမှန်းတောင် မသိဘူး၊ ခုချိန်ထိ ဘယ်သူကမှ ကိုယ့်ကို ဆူပူတိုင်တန်းတာ မကြားဖူးဘူး၊ ဘာလို့ ဆရာမက ကျမကို ဒီလိုမျိုး ဆူပူကြိမ်းမောင်းခဲ့တာလဲ” လို့ ရေးထားတာပါ။ သတင်းထုတ်ပြန်ချက်တွေအရ ဆရာမက ကျောင်းသူကို သူမရဲ့ တခြားအတန်းသားတွေရှေ့မှာ အော်ဟစ်ကြိမ်းမောင်းခဲ့တာလို့ သိရပါတယ်။ ကျောင်းသူကလေး သေဆုံးမှုနဲ့ ပတ်သက်ပြီး တခြားကျောင်းသူကျောင်းသားတွေရဲ့ မိဘတွေက ဒေါသထွက်ခဲ့ကြပြီး ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆန္ဒပြပွဲကို ရဲတွေက လူစုခွဲခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းမှုတွေ လုပ်ဆောင်နေသလို အရေးယူပေးမယ်လို့လည်း ကတိပေးခဲ့ပါတယ်။ “အခုက အမြင်တွေ၊ ဝေဖန်မှုတွေ အမျိုးမျိုး ကျနော်တို့ ကြားနေရတယ်။ စုံစမ်းမှု လုံးဝပြီးမှပဲ ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောနိုင်မယ်” လို့ ရဲတွေက ပြောပါတယ်။ ရဲတွေ အရေးယူဆောင်ရွက်ရာမှာ ကလေးကို ဆူပူကြိမ်းမောင်းခဲ့တဲ့၊ အမည်မဖော်ပြထားတဲ့ ဆရာမကို စစ်ဆေးမေးမြန်းမှု ရှိ မရှိ ဆိုတာတော့ မသိရဘူးလို့ သည်ဆန်းသတင်းမှာ သြဂုတ် ၃၁ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up