ဓမ္မကာယကျောင်းအမိန့် မရုပ်သိမ်းပေး၍ အမျိုးသားတဦး သတ်သေ

February 27, 2017

ဓမ္မကာယကျောင်းအမိန့် မရုပ်သိမ်းပေး၍ အမျိုးသားတဦး သတ်သေ (ရုပ်သံ)

ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင် ဓမ္မကာယကျောင်းတိုက်ကို စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ပုဒ်မ ၄၄ ရုပ်သိမ်းပေးဖို့ အမျိုးသားကြီးတဦးက ကိုယ့်ကိုယ်ကိုယ်သတ်သေပြီး ဆန္ဒပြတောင်းဆိုခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ ငွေအလွဲသုံးစားမှု၊ ငွေမည်းခဝါချမှုတွေနဲ့စပ်လျဉ်းပြီး ထိုင်းစစ်အစိုးရက ဓမ္မကာယကျောင်းတိုက်ကို ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်ကြောင်း ပုဒ်မ ၄၄ ထုတ်ပြန်သတ်မှတ်ခဲ့ပြီး ကျောင်းထိုင်ဆရာတော်ကို ဖမ်းဝရမ်း ထုတ်ပြန်ထားထာပါ။ သက်သေတွေရဲ့ ပြောကြားချက်အရ ဖေဖော်ဝါရီလ ၂၅ ရက် ညနေ ၄ နာရီမှာ အမည် ထုတ်ဖော်ပြောကြားခြင်းမရှိတဲ့ သေကြောင်းကြံသူ အမျိုးသားကြီးဟာ ဆိုင်းဘုတ်တခုကိုင်လာပြီး ခလောင်လန်ဈေးဘက်ကနေ တယ်လီဖုန်း တာဝါတိုင်ဘက်ကို လျှောက်လာပြီးနောက် ဖိနပ်ချွတ်ကာ တာဝါတိုင်ပေါ် တက်သွားတယ်လို့ ဆိုပါတယ်။ တိုင်ပေါ်ကို မီတာ ၃၀ လောက် တက်အပြီးမှာ ည ၉ နာရီ မထိုးခင် ပုဒ်မ ၄၄ ကို ဖျက်သိမ်းပေးဖို့နဲ့ မဖျက်သိမ်းပေးရင် သူ သေကြောင်းကြံစည်မယ်ဆိုပြီး ဘုတ်မှာ ရေးသား တောင်းဆိုတယ်လို့ သိရပါတယ်။ ဓမ္မကာယဘုန်းကြီးကျောင်းက ဘုန်းကြီးတွေက အမျိုးသားကြီးကို ဆင်းလာဖို့ ပြောခဲ့သလို တချိန်တည်းမှာပဲ တခြားကယ်ဆယ်ရေးတွေလည်း ရောက်လာပြီး မြေကြီးပေါ် လေမွေ့ယာတွေချ ကယ်တင်ဖို့ ကြိုးစားခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ည ၉ နာရီလောက်မှာတော့ အမျိုးသားကြီးက လည်ပင်းကို ကြိုးနဲ့ချည်ပြီး သူရပ်နေတဲ့နေရာနဲ့ အောက်ဘက် ၅ မီတာအကွာလောက်ထိ ကြိုးဆွဲချလိုက်တယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးတွေ တိုင်ထိပ်ပေါ် အလျင်အမြန်တက် ကြိုးတွေကိုဖြတ်ပြီး အောက်ရောင်အောင် သယ်နိုင်ပေမယ့် အမျိုးသားကြီးက သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာနဲ့ အစိုးရအဖွဲ့ဝင်တွေက ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားတယ်လို့လည်း သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဟာ သေဆုံးသူ ၆၄ နှစ်အရွယ် အဘိုးအိုရဲ့ မိသားစုအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဆန်ဆာန်ကွီကမ်နာ့ဒ်က ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ “အာဏာပိုင်တွေက ဆန္ဒပြသေကြောင်းကြံစည်သူကို ညှိနှိုင်းဆွေးနွေးပြီး သူ့အသက်ကို ကယ်နိုင်ဖို့ ကြိုးစားပါသေးတယ်၊ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ ဒီလိုဖြစ်တာက တွန်းအားတွေ သိပ်များသွားလို့ဖြစ်တာ။” ဆက်လက်ပြီး ဗိုလ်ချုပ် ဆန်ဆာန်ကွီကမ်နာ့ဒ်က “ဒီကိစ္စက လူ့အသိုင်းအဝိုင်းထဲမှာ သတိပေးနှိုးဆော်ရမယ့်ကိစ္စပါ။ အထူးသဖြင့် ဓမ္မကာယဘုန်းတော်ကြီးကျောင်းရဲ့ ထောက်ခံသူ ဘုန်းကြီးတွေရော ဒါယကာ ဒါယိကာမတွေပါ သတိထားရမယ့်ကိစ္စပါ။ သူတို့တွေ ဒါမျိုးဖြစ်ခွင့် မပြုသင့်ဘူး၊ အမှားလုပ်သူ လူနည်းစုကို ကာကွယ်ဖို့ အပြစ်မဲ့တဲ့လူတွေရဲ့ ယုံကြည်မှုကို အသုံးမချသင့်ဘူး။ နောက်ဆုံးကျတော့ ဒီ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသူဟာ ဘုန်းကြီးကျောင်းရဲ့ ဒကာတယောက်မဟုတ်ဘူးလို့ သူတို့ပြောကြတယ်” လို့ ပြောပါတယ်။ ဒ့ါအပြင် အဘိုးအို သေဆုံးသွားပေမယ့် ပုဒ်မ ၄၄ ကို မရုပ်သိမ်းသင့်သေးကြောင်း၊ ဓမ္မကာယဘုန်းကြီးကျောင်းမှာ ဖြစ်နေတာက အမှားလုပ်တဲ့သူတွေဟာ ဥပဒေအတိုင်း ဆောင်ရွက်နေတာကို ငြင်းပယ်ရုံမက ဥပဒေကိုပါ ရှောင်ရှားဖို့ တခြား ရုန်းရင်းဆန်ခတ်ပြုတဲ့ လူအုပ်စုကို နောက်ဆုံးပိတ်အနေနဲ့ အသုံးချဖို့ လုပ်နေကြောင်း သူက ဆက်ပြောပါတယ်။
4 years Ago
Up