ဒရုန်း

July 19, 2017

လေဆင်နှာမောင်းတိုက်ခတ်မည့်နေရာနှင့် အချိန်ကို တိတိကျကျခန့်မှန်းနိုင်မည့် ဒရုန်း (ရုပ်သံ)

အမေရိကားမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လေဆင်နှာမောင်း လာပြီဆိုခဲ့ရင် မိနစ်ပိုင်းပဲ ပြင်ဆင်ချိန်ရပါတယ်။ လက်ရှိမှာ လေပွေတိုက်ခတ်မှုမစမီ ပျမ်းမျှ ၁၄ မိနစ်ခန့်ပဲ သတိပေးချိန်ရပါတယ်။ ဒါပေမယ့် မိုးလေဝသတိုင်းတာရေး ကိရိယာတွေ တပ်ဆင်ထားတဲ့ ဒရုန်းတွေကတော့ လေဆင်နှာမောင်းနဲ့ မုန်တိုင်းတွေ တိုက်ခတ်မယ့် နေရာနဲ့ အချိန်ကို ပိုပြီး တိတိကျကျခန့်မှန်းဖို့ ကူညီနိုင်ပါတယ်။ ဒါက မိုးလေဝသခန့်မှန်းခြင်းအတွက် ကြီးမားတဲ့ အပြောင်းအလဲတခု ဖြစ်ပါတယ်လို့ အုတ်ခ်လာဟိုးမား (Oklahoma) ရဲ့သိပ္ပံနှင့်နည်းပညာ တာဝန်ခံက ပဲရစ္စလေကြောင်းပြပွဲအတွင်း ဟောပြောရာမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။ “ကျနော်တို့ မြေပြင်မိုးလေဝသ အခြေအနေတွေကို ကောင်းကောင်းလေ့လာနိုင်သလို မြင့်မားလွန်းတဲ့ ဝေဟင်ကိုလည်း ဂြိုဟ်တုတွေကတဆင့် အပေါ်စီးက လေ့လာနိုင်ပါတယ်။ ဒါပေမယ့် တကယ်အရေးကြီးတာက မြေပြင်အထက် ၂ မီတာ၊ ၃ မီတာလောက်က လေထုအခြေအနေပါ။” တိုင်းတာခန့်မှန်းရခက်တဲ့ လေထုအောက်အလွှာမှာ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေ ဖြစ်လာစေမယ့် တိကျတဲ့ အချက်အလက်တွေကို မောင်းသူမဲ့ယာဉ်တွေက စုစည်းပေးနိုင်ပါတယ်။ “ကျနော်တို့ ရည်ရွယ်တာတခုက မုန်တိုင်းဖြစ်ပေါ်လာမယ့် ရှေ့ပြေးနိမိတ်တွေကို ဖမ်းယူနိုင်ဖို့ မုန်တိုင်းဖြစ်ပေါ်မှုရဲ့ အကြိုဖြစ်တဲ့ မိုးသက်လေပြင်း ကျရောက်မှုကို ကြိုတင်သိရှိနိုင်ဖို့ ဖြစ်ပါတယ်။ ကျေန်ာထင်တယ်။ ဒါက မုန်တိုင်းတွေ ဘယ်လိုဖြစ်ပေါ်လာတယ် ဆိုတာကို ပိုပြီးသိနိုင်ဖို့နဲ့ ဘယ်နေရာမှာ မိုးသက်လေပြင်းတွေ ဘယ်လိုအချိန် ဖြစ်ပေါ်တတ်တယ်ဆိုတာကို ခန့်မှန်းနိုင်ဖို့ အခွင့်အလမ်းတခု ပေးပါလိမ့်မယ်။” အုတ်ခ်လာဟိုးမားလိုမျိုး အဆင့်ဆင့်ဖွဲ့စည်းထားတဲ့ လေဆင်နှာမောင်း ခန့်မှန်းရေးအဖွဲ့တခုဟာ သေးငယ်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ ဒရုန်းတွေ တီထွင်ခြင်းအတွက် ဒေါ်လာ ၆ သန်းတန် ၄ နှစ်ကြာ ကနဦးခြေလှမ်းတရပ်ကို လုပ်ဆောင်နေပါတယ်။ ဒါတွေက မုန်တိုင်းတခု မပြီးခင်မှာတောင် နေရာအနှံ့အပြားမှာ အုပ်စုဖွဲ့ပြီး ထိထိရောက်ရောက် ပျံသန်း အလုပ်လုပ်နိုင်ပါတယ်။ “ပိုမိုစုံလင်တဲ့ လေ့လာမှုတွေကို အဆင်ပြေပြေ ပြုလုပ်နိုင်မှာဖြစ်လို့ ပိုမိုတိကျတဲ့ မိုးလေဝသ အခြေအနေတွေကို ခန့်မှန်းနိုင်ပါလိမ့်မယ်။ ဒရုန်းတွေဆီက မြောက်မြားစွာသော ကျယ်ပြန့်တဲ့ သရုပ်ပြမှုနဲ့ အချက်အလက်တွေကြောင့် မုန်တိုင်းကြိုတင်သတိပေးမှုတွေကို တနာရီနဲ့အထက် ကြိုပြီး ထုတ်ပြန်နိုင်ပါလိမ့်မယ်။” ဒီလို အချိန်ပိုမိုရလာတာက အသက်တွေကို ကယ်တင်နိုင်ပါလိမ့်မယ်။ လေဆင်နှာမောင်းဆိုတာမျိုးက ကမ္ဘာမှာ အဆိုးရွားဆုံး ရာသီဥတု အခြေအနေတခုဖြစ်ပြီး တနာရီကို မိုင် ၂၀၀ နဲ့အထက် အလျင်နဲ့ တိုက်ခတ်ဖျက်ဆီးတတ်ပါတယ်။
5 years Ago
Up