ဒရုန်းလေယာဉ်

March 14, 2017

တိုက်ခိုက်ရေးဒရုန်းလေယာဉ်များ တောင်ကိုရီးယားတွင် ချထားရန် အမေရိကန် စတင်ပြင်ဆင်

မြောက်ကိုရီးယားနဲ့ စစ်ရေးတင်းမာမှု အရှိန်မြင့်တက်နေတဲ့အချိန်မှာ တိုက်ခိုက်ရေး ဒရုန်းလေယာဉ်တွေကို တောင်ကိုရီးယားမှာချထားဖို့ အမေရိကန်စစ်တပ်က စတင်ပြင်ဆင်နေပါတယ်။ Gray Eagle ဒရုန်းလေယာဉ်တွေကို ကင်းထောက်လုပ်ငန်းတွေ အရှိန်မြှင့်ဆောင်ရွက်ဖို့ ချထားမှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်းက ကွန်ဆန်လေတပ်စခန်းမှာ ချထားမယ်လို့ တောင်ကိုရီးယားမှာ တပ်စွဲတဲ့ အမေရိကန်စစ်တပ်က ပြောပါတယ်။ ဒီတိုက်ခိုက်ရေးဒရုန်းတွေကို တောင်ကိုရီးယားမှာ ချထားရေးအစီအစဉ်ဟာ ဒီဒရုန်းတွေကို အမေရိကန်စစ်တပ်တိုင်းမှာ ချထားဖို့ အစီအစဉ်ရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး လာမယ့်နှစ်မှာ စတင်ချထားမယ်လို့ ပြောဆိုတာပါ။ ဒီ Gray Eagle ဒရုန်းတွေကြောင့် အမေရိကန်စစ်တပ်နဲ့ မဟာမိတ် တောင်ကိုရီးယားစစ်တပ်တို့ ထောက်လှမ်းရေး၊ ကင်းထောက်ရေး စွမ်းရည်တွေ သိသိသာသာ တိုးတက်လာမှာ ဖြစ်တယ်လို့လည်း အမေရိကန်စစ်တပ်က ပြောပါတယ်။ ဒီဒရုန်းတွေဟာ အရှည် ၈ မီတာကျော်ရှိပြီး ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည် ၄ စင်း သယ်ဆောင်နိုင်ပါတယ်။ အမြင့်ပေ ၂ သောင်းခွဲအထိ ပျံတက်နိုင်ပြီး ၂၇ နာရီကြာ ပျံသန်းနိုင်ပါတယ်။ ပြီးခဲ့တဲ့တပတ်ကလည်း မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို တုံ့ပြန်ဖို့ အမေရိကန်စစ်တပ်ရဲ့ အဆင့်မြင့်ဒုံးခွင်းဒုံးစနစ်ကို တောင်ကိုရီးယားနိုင်ငံမှာ စတင်ချထားပါတယ်။
5 years Ago

February 3, 2016

မောင်းသူမဲ့ဒရုန်းလေယာဉ် ဖယ်ရှားရေး နယ်သာလန်ရဲ လင်းယုန်များကို အသုံးပြု (ရုပ်သံ)

နယ်သာလန်နိုင်ငံ ရဲတွေက အများပြည်သူ ဘေးကင်းရေး ခြိမ်းခြောက်နေတဲ့ မောင်းသူမဲ့ ဒရုန်းလေယာဉ်တွေကို ဖယ်ရှားရေး စမ်းသပ်တဲ့ နည်းလမ်းအနေနဲ့ သင်တန်းပေးထားတဲ့ လင်းယုန်တွေကို သုံးခဲ့ကြပါတယ်။ အထိခိုက်မခံတဲ့ လေပိုင်နက်မှာ ဒါမှမဟုတ် နိုင်ငံရေးသမားတွေအတွက် အများပြည်သူ ပါဝင်တဲ့ ပွဲစဉ်တွေအပေါ်မှာ ပျံသန်းနေတဲ့ လိုင်စင်ခွင့်ပြုချက် မပါတဲ့ မောင်းသူမဲ့ လေယာဉ်တွေကို ကြားဖြတ်ဟန့်တားဖို့ လင်းယုန်ငှက်တွေကို သုံးပါတယ်။ ဒီလင်းယုန်တွေကို သင်တန်းပေးဖို့ အထက်ကနေ လုံခြုံရေးယူပေးတယ်လို့ အဓိပ္ပာယ်ရတဲ့ "Guard from Above" ကုမ္ပဏီကို တည်ထောင်သူက အကြံရခဲ့တာပါ။ မောင်းသူမဲ့ ဒရုန်းလေယာဉ်တွေကို သားကောင်လို့မြင်အောင် ငှက်တွေကို သင်တန်းပေးထားပြီး တိုက်ခိုက်မှု အောင်မြင်တဲ့ တကြိမ်တိုင်းမှာ အသားတပိုင်း ဆုချလေ့ရှိပါတယ်။ လုပ်ငန်းရှင်က သူ့လုပ်ငန်းရဲ့ သက်ရောက်မှုအနေနဲ့ တိရစ္ဆာန် အကျိုးစီးပွားပဲလို့ ဆိုပါတယ်။ ဒတ်ခ်ျရဲတွေနဲ့ ရဲသိပ္ပံသုတေသနအဖွဲ့က ငှက်တွေရဲ့ ခြေသည်းတွေအပေါ် သက်ရောက်မှုကို သုတေသန လုပ်နေတယ်၊ တိရစ္ဆာန်တွေကို ကာကွယ်ဖို့ လုပ်ဆောင်ချက်တွေကို ပိုနည်းလမ်းရှာနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဒတ်ခ်ျရဲတွေ သုတေသန လုပ်နေတဲ့ တခြား လေ့လာမှုတွေကတော့ ဒရုန်းလေယာဉ်တွေပေါ် ပိုက်ကွန်နဲ့ ပစ်ဖမ်းတာနဲ့ ထိန်းချုပ်မှု ရရှိရေးအတွက် အဝေးကနေ လှမ်းပြီး ကွန်ပျူတာ အချက်အလက်တွေ ထိုးဖောက်ယူတာတွေ ပါဝင်ပါတယ်။
6 years Ago
Up