ဒရုန်းယာဉ်

June 20, 2019

အမေရိကန် ဒရုန်းယာဉ်ကို အီရန် ပစ်ချ

အီရန်နိုင်ငံတောင်ပိုင်းမှာ ပျံသန်းနေတယ်လို့ အီရန်တော်လှန်ရေး အစောင့်တပ်ကပြောတဲ့ အမေရိကန် ဒရုန်းယာဉ်ကို ပစ်ချလိုက်ပြီလို့ အီရန်အစိုးရက ဇွန်လ ၂၀ ရက်မှာ ပြောပါတယ်။ အမေရိကန်နဲ့ အီရန်အစိုးရတို့ကြား အကြီးစား စစ်ရေးထိပ်တိုက်တွေ့နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ရင်း စိုးရိမ်နေကြပါတယ်။ ပင်လယ်ကွေ့ဒေသအတွင်း အီရန်နိုင်ငံတောင်ပိုင်း ဟော်မုဇ်ဂံခရိုင်ပေါ်မှာ သူလျှိုဒရုန်းယာဉ်ကို ပစ်ချခဲ့တာလို့ စစ်တပ်ရဲ့ အင်တာနက်စာမျက်နှာ ဆေပါနယူးစ်က ပြောပါတယ်။ ဒရုန်းယာဉ်ဟာ RQ-4 Global Hawk အမျိုးအစားဖြစ်တယ်လို့ အီရန်အစိုးရ သတင်းဌာန IRNA က အစီရင်ခံပါတယ်။ အမေရိကန်ရေတပ်က MQ-4C Triton ဒရုန်းယာဉ်ဟာ ဟော်မုဇ်ရေလက်ကြားက နိုင်ငံတကာ လေပိုင်နက်ထဲမှာ ပစ်ချခံရတယ်လို့ အမေရိကန် အရာရှိတယောက်က ပြောပါတယ်။ MQ-4C Triton အမျိုးအစား ဒရုန်းကို ထုတ်လုပ်သူ နော့သ်ရော့ပ်ဂရမ်မမ်ကတော့ ထရိုင်တွန်ဒရုန်းဟာ တကြိမ်ကို ၂၄ နာရီကြာအောင် ပျံသန်းနိုင်ပြီး အမြင့် ဆယ်မိုင်ထိ တက်ပျံနိုင်တယ်၊ ရေမိုင် ၈၂၀၀ ထိ အဝေးကို ကိုင်တွယ် မောင်းနှင်နိုင်တယ်လို့ သူ့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။
2 years Ago

May 3, 2019

အမေရိကန်တွင် ကျောက်ကပ်ကို ဒရုန်းယာဉ်ဖြင့်သယ်ပြီး အစားထိုးကုသပေး

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဘောလ်တီမိုးမြို့မှာ ဧပြီလက ဆရာဝန်တွေဟာ ကျောက်ကပ်တလုံးကို ဒရုန်းယာဉ်နဲ့ သယ်လာပြီး ကိုယ်အင်္ဂါအစားထိုး ကုသပေးခဲ့ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကို လွှဲပြောင်းပေးချိန် ပိုမြန်အောင် ကူညီဖို့ မေရီလန်းတက္ကသိုလ်က ဆရာဝန်တွေနဲ့ အင်ဂျင်နီယာတွေ ပုံစံထုတ်ထားတဲ့ ကျောက်ကပ်သယ် ဒရုန်းယာဉ်ကို ပထမဆုံး လက်တွေ့စမ်းသပ်မှုလည်း ဖြစ်ပါတယ်။ ဒီဒရုန်းယာဉ်ဟာ သယ်ယူပို့ဆောင်ရေးအတွက်ပဲ ပုံစံထုတ်တာမဟုတ်ဘဲ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို ကာကွယ်ဖို့ပါ ပုံစံထုတ်ထားတဲ့ ပထမဆုံး ဒရုန်းယာဉ်လည်း ဖြစ်ပါတယ်။ အပျက်အစီး မဖြစ်ရအောင် အပိုပစ္စည်းအနေနဲ့ မော်တာ ၈ လုံး တပ်ထားတယ်၊ ဒရုန်းယာဉ်တခုလုံး ပျက်သွားရင်တောင် လေထီးစနစ် ကျန်သေးလို့ ဘေးကင်းကင်း ကျလာအောင် လုပ်ထားတယ်၊ ဒါကြောင့် ကိုယ်တွင်းအင်္ဂါက ဘေးကင်းမှာပါလို့ မေရီလန်းတက္ကသိုလ် မောင်းသူမဲ့ လေယာဉ်စနစ် စမ်းသပ်မှုညွှန်မှူး မတ်ထ် စကာစေရိုက ပြောပါတယ်။ ၃ မိုင် အကွာအဝေးကို စမ်းသပ်ပျံသန်းရင်း သယ်လာတဲ့ ကျောက်ကပ်ကို အချိန် ၈ နှစ်ကြာ ကျောက်ကပ်ဆေးနေရတဲ့ အသက် ၄၄ နှစ်အရွယ် ဘောလ်တီမိုးမြို့ခံ ထရီနာ ဂလစ္စပီရဲ့ ကိုယ်ထဲမှာ တပ်ဆင်ပေးခဲ့ပါတယ်။
2 years Ago
More News
Up