ဒရုန်းတိုက်ခိုက်မှုအတွင်း အိုင်အက်စ်အဖွဲ့ဝင် ဆယ်လီဂျုံးစ်၏သား သေဆုံးမှုရှိမရှိ မေးခွန်းထုတ်

October 13, 2017

ဒရုန်းတိုက်ခိုက်မှုအတွင်း အိုင်အက်စ်အဖွဲ့ဝင် ဆယ်လီဂျုံးစ်၏သား သေဆုံးမှုရှိမရှိ မေးခွန်းထုတ်

ကမ္ဘာ့အလိုရှိဆုံး အိုင်အက်စ်အဖွဲ့ဝင် ဗြိတိန်လူမျိုး လူဖြူအမျိုးသမီး ဆယ်လီဂျုံးစ် အမေရိကန်ရဲ့ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒရုန်းယာဉ်နဲ့ သူမကို တိုက်ခိုက်စဉ်အတွင်း သူမရဲ့သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် ဂျိုဂျို သေဆုံးမှု ရှိ မရှိ ဆိုတာကိုတော့ မေးခွန်းထုတ်နေကြပါတယ်။ ဆယ်လီဂျုံးစ်ဟာ သားဖြစ်သူ ဂျိုဂျိုကို လူသားဒိုင်းအဖြစ် ပုံမှန်သုံးလေ့ရှိတယ်လို့လည်း သိရပါတယ်။ ဂျိုဂျိုက အိုင်အက်စ်တွေရဲ့ အခြေခံအစ္စလာမ်သင်တန်း၊ လက်နက်ကိုင်သင်တန်း စတဲ့ သင်တန်းတွေနဲ့ အယူအဆဟောင်းတွေကို ထုတ်ပစ်ပြီး အယူသစ်တွေကို ရိုက်သွင်းကာ စည်းရုံးသိမ်းသွင်းခံလိုက်ရပြီလို့ ယူဆနေကြပြီး ပြီးခဲ့တဲ့နှစ်က အိုင်အက်စ်တွေရဲ့ အကျဉ်းသားတွေကို သတ်တဲ့ ရုပ်သံထဲမှာ ဂျိုဂျိုရဲ့ပုံပါလာလို့ စိတ်မချမ်းမြေ့ဖြစ်ခဲ့ရတယ်လို့ အဖိုးဖြစ်သူက ပြောပါတယ်။ ရုပ်သံထဲမှာ လိမ္မော်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ဒူးထောက်တန်းစီ ထိုင်နေတဲ့ အကျဉ်းသားတွေရဲ့အနောက်မှာ ဂျိုဂျိုက ပစ္စတိုသေနတ်နဲ့ အကျဉ်းသားရဲ့ဦးခေါင်းကို ချိန်ထားတဲ့ပုံ ထွက်ပေါ်လာခဲ့တာပါ။ ဂျိုဂျိုရဲ့ ဆွေမျိုးတွေက ကလေးဟာ တိရစ္ဆာန်ချစ်တတ်တဲ့ နူးညံ့တဲ့ ကလေးတဦးဖြစ်ကြောင်း ပြောခဲ့ပြီး ဆွေမျိုးတဦးကလည်း “ပုရွတ်ဆိတ်လေး တကောင်ကိုတောင် ထိခိုက်အောင် မလုပ်ဘူး” လို့ ပြောခဲ့ပါတယ်။ အဖိုးဖြစ်သူ တယ်ရီက “ကျနော် မယုံနိုင်ပါဘူး။ ကျနော် အရမ်းဝမ်းနည်းတယ်။ သူ့ဘဝကြီးက ပြီးသွားပြီ။ ပုံမှန်ကမ္ဘာကို ပြန်လာဖို့ နည်းလမ်းလည်း မရှိတော့ပါဘူး။ ဆိုးရွားပါတယ်။ ကလေးက ကျနော့်ကို အဖိုးနဲ့နေလို့ရမလားလို့ မေးလေ့ရှိတယ်။ ကျနော် တကယ်ပဲ အပြစ်ရှိသလို ခံစားရတယ်” လို့ သည်ဆန်းသတင်းဌာနကို ပြောခဲ့ပါတယ်။ အမေရိကန်က ဂျိုဂျိုရဲ့အမေကို သတ်ခဲ့ပေမယ့် ကလေးက အိုင်အက်စ် တိုက်ခိုက်ရေးသမား မဟုတ်လို့ ကလေးကိုတော့ ပစ်မှတ်မထားခဲ့ဘူးလို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ အကယ်၍ ဒရုန်းယာဉ်တိုက်ခိုက်မှုအတွင်း ကလေးသေဆုံးခဲ့ရင်လည်း ဒါက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ဘူးလို့ ပြောပါတယ်။ ကလေးက မိခင်နဲ့ အနီးကပ်ရှိခဲ့မယ်လို့ သိရင်လည်း တိုက်ခိုက်မှုကို ရပ်တန့်ခဲ့မှာလို့ သတင်းအရင်းအမြစ်တွေက ထပ်ပြောပါတယ်။ ဒါပေမယ့်လည်း ဂျိုဂျိုရဲ့ သေဆုံးမှုက သေချာခဲ့ရင် အမေရိကန်အစိုးရအနေနဲ့ ဂျိုဂျိုကို သတ်ဖြတ်မှုအတွက် လူတွေရဲ့ တုံ့ပြန်ချက်ကို ရင်ဆိုင်ကောင်း ရင်ဆိုင်ရနိုင်တယ်လို့ သည်ဆန်းသတင်းမှာ အောက်တိုဘာ ၁၂ ရက်နေ့က ဖော်ပြထားပါတယ်။ ဆယ်လီဂျုံးစ်ဟာ ဒရုန်းယာဉ်နဲ့ အထူးပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ ပထမဦးဆုံး အမျိုးသမီးလို့လည်း သိရပါတယ်။
4 years Ago
Up