ယူကရိန်းနဲ့ ရုရှား အငြင်းပွားနေတဲ့ ဒွန်းဘတ်စ်ဒေသကနေ နိုဝင်ဘာ ၉ ရက်နေ့က ယူကရိန်း အစိုးရတပ်တွေနဲ့ ရုရှား ကျောထောက်နောက်ခံပြု သူပုန်တပ်ဖွဲ့တွေ စတင်ရုပ်သိမ်းနေပါပြီ။
ဒါဟာ ယူကရိန်း၊ ရုရှား၊ ပြင်သစ်နဲ့ ဂျာမနီအကြား ထိပ်သီးဆွေးနွေးပွဲလုပ်ဖို့ လမ်းခင်းပေးနိုင်တဲ့ အစီအစဉ်တွေထဲက တခုပါ။
၂၀၁၄ ခုနှစ်နောက်ပိုင်းကစလို့ ယူကရိန်းအရှေ့ပိုင်းမှာ ယူကရိန်းတပ်ဖွဲ့တွေနဲ့ ရုရှား ကျောထောက်နောက်ခံပြု သူပုန်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
နှစ်ဖက်စလုံးက ၂၀၁၅ ခုနှစ် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်လို့ အပြန်အလှန် စွပ်စွဲကြပါတယ်။
၂၀၁၄ ခုနှစ်တုန်းက ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှား သိမ်းပိုက်ပြီးနောက်မှာ ယူကရိန်းနဲ့ ရုရှားအကြား ဆက်ဆံရေး ဆိုးရွားခဲ့ပါတယ်။ ဒါကြောင့်ပဲ အနောက်နိုင်ငံတွေက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့တာတွေ လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ဗိုလိုဒီမီဇီလန်စကီက အဲဒီပဋိပက္ခကို အဆုံးသတ်မယ်လို့ ကတိပြုပြီး ဧပြီလ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။
အဲဒီနောက် ဇီလန်စကီ ဦးဆောင်တဲ့ ယူကရိန်းအစိုးရက အစိုးရတပ်တွေကို ပတ်ထရီဗစ်ရွာကနေ ရုပ်သိမ်းနေတယ်လို့ ပြောပြီး ဒါဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပေးတာ ဖြစ်တယ်လို့ ယူကရိန်း အစိုးရက ပြောခဲ့ပါတယ်။
3 years Ago