ဒုံးကျည်တင်ယာဉ်အတွက် တာယာထုတ်စက်ရုံကို

December 4, 2017

ဒုံးကျည်တင်ယာဉ်အတွက် တာယာထုတ်စက်ရုံကို ကင်မ်ဂျုံအန်း သွားရောက်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အသစ်တီထွင်ထားတဲ့ ဒုံးကျည်တင်ယာဉ်အတွက် တာယာတွေ ထုတ်လုပ်တဲ့ အမ်နွတ်ဂံ စက်ရုံကို သွားရောက် စစ်ဆေးတယ်လို့ အစိုးရ မီဒီယာက ဒီနေ့ ကြေညာပါတယ်။ စက်ရုံထဲမှာ ကင်မ်က လျှောက်သွားကြည့်ရှုနေပုံ ဓာတ်ပုံတွေကို မြောက်ကိုရီးယား အစိုးရ ရုပ်သံ KRT က ပြသပါတယ်။ နိုဝင်ဘာလတည်းက ကြီးမြတ်တဲ့ ဖြစ်ရပ်အတွက် ကိုယ်ပိုင်ပုံစံနဲ့ ဒုံးကျည် လွှတ်တင် နိုင်တဲ့ယာဉ်မှာ တပ်ဆင်ဖို့ ကြီးမားတဲ့ တာယာတွေ ထုတ်လုပ်ဖို့ ကင်မ်က အမိန့်ပေးခဲ့တယ်လို့ KRT က ပြောပါတယ်။ နိုဝင်ဘာ ဖြစ်ရပ်ဆိုတာ ဘာလဲဆိုတာကို ကေအာရ်တီ သတင်းဌာနက အကျယ်တဝင့် မပြောခဲ့ပါဘူး။ မြောက်ကိုရီးယားဟာ အထူးတီထွင်ထားတဲ့ ယာဉ်ကနေ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ICBM အသစ်တလုံးကို ဗုဒ္ဓဟူးနေ့က ပစ်လွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဒီသီတင်းပတ် အစောပိုင်းမှာ ကြေညာပါတယ်။ သူ့ထိပ်ဖူးဟာ ကမ္ဘာ့လေထုထဲ ပြန်ဝင်လာချိန် ဖြစ်လာမယ့်ဖိအားကို ခံနိုင်ရည် ရှိတယ်လို့လည်း ပြောပါတယ်။ ပညာရှင်တွေကတော့ ဒုံးကျည်ထိပ်ဖူးက ကမ္ဘာ့လေထုထဲ ပြန်ဝင်လာချိန် ကြီးမားတဲ့ဖိအား ခံနိုင်စွမ်းရှိအောင် ပုံစံထုတ်ဖို့ လိုအပ်တဲ့ နည်းပညာကို မြောက်ကိုရီးယားက ရပြီဆိုတဲ့ အချက်ကို သံသယ ရှိနေတာပါ။ နျူကလီးယား လက်နက်အတွက် ဒုံးကျည်သယ်တဲ့ယာဉ်ကို တီထွင်နိုင်ဖို့ မြောက်ကိုရီးယားဟာ နှစ်ချီ အချိန်ယူရကောင်း ယူရဦးမယ်လို့လည်း ပညာရှင်တွေက ပြောခဲ့ကြ ပါတယ်။
3 years Ago
Up