ဒုံးကျည်စမ်းသပ်မှု စွန့်လွှတ်မည့်

April 21, 2018

နျူကလီးယားဖြင့် ဒုံးကျည်စမ်းသပ်မှု စွန့်လွှတ်မည့် မြောက်ကိုရီးယားရဲ့ ကြေညာချက်အပေါ် ကြိုဆို

နျူကလီးယားနဲ့ ဒုံးကျည် စမ်းသပ်မှု စွန့်လွှတ်မယ့် မြောက်ကိုရီးယားရဲ့ ကြေညာချက်ကို ဂျပန်နဲ့ အမေရိကန် ခေါင်းဆောင်တွေက ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် ရလဒ်က မဖြစ်မနေ ပိုအရေးကြီးတယ်လို့လည်း ပြောပါတယ်။ နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှု အားလုံးကို စွန့်လွှတ်မယ်လို့ပြောတဲ့ မြောက်ကိုရီးယား ရဲ့ ကြေညာချက်ဟာ အပြုသဘောဆောင်တဲ့အတွက် ကြိုဆိုတယ်လို့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘေးက ဧပြီ ၂၁ ရက်မှာ ပြောပါတယ်။ ဒါပေမယ့် အခုလိုအပြုသဘောဆောင်တဲ့ အရွေ့က နျူကလီးယားနဲ့ ဒုံးလက်နက် အစီအစဉ် အဆုံးသတ်နိုင်ရေးကို ဦးတည်နိုင်ဖို့က ပိုအရေးကြီးတယ်လို့ အာဘေးကပြောပါတယ်။ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ချက်ချင်း ထိထိရောက်ရောက် ရပ်တန့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ပြောတဲ့အကြောင်း မြောက်ကိုရီးယား အစိုးရမီဒီယာ KCNAက ဧပြီ ၂၁ ရက်မှာ ကြေညာခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်တပ်ဆင်မှု အစီအစဉ် ပြီးမြောက်ခဲ့ပြီဖြစ်လို့ နျူကလီးယားနဲ့ တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်တာတွေကို ဆက်လက်လုပ်ဆောင်ဖို့ မလိုအပ်တော့တဲ့အကြောင်း ကင်ဂျုံအွန်ကပြောကြားချက်ကို KCNA ထုတ်လွှင့်ခဲ့တာပါ။ မြောက်ကိုရီးယားက နျူကလီးယားနဲ့ ဒုံးကျည် စမ်းသပ်မှု စွန့်လွှတ်မယ့် ကြေညာချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဧပြီ ၁၉ ရက်နေ့က ကြိုဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း မျှော်လင့်တယ် လို့ ပြောခဲ့ပါတယ်။
3 years Ago
Up