ဒေါ်အောင်ဆန်းစုကြည် စီးနင်းခဲ့သည့်လှည်းယာဉ်

October 13, 2020

၁၉၈၈ ကာလက ဒေါ်အောင်ဆန်းစုကြည် စီးနင်းခဲ့သည့်လှည်းယာဉ် လေလံပစ်ရန်ရှိ 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်တုန်းက ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါခဲ့ဖူးတဲ့  လှည်းယာဉ်ကလေးကို အောက်တိုဘာ ၁၆ ရက်နေ့ မြင်းခြံမှာ ကျင်းပမယ့် အောင်နိုင်ရေး လှည့်လည်ပွဲမှာ ပြည်သူကို ချပြသွားဖို့ရှိနေပြီး နောင်မှာ  လေလံပစ်သွားဖို့ရှိနေတယ်လို့ လှည်းပိုင်ရှင်က ဒီဗွီဘီကို ပြောပါတယ်။ ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ   မြင်းခြံကို အန်အယ်လ်ဒီပါတီ စည်းရုံးရေးခရီးစဉ်အဖြစ် လာရောက်စဉ် အဆိုပါ နွားလှည်းယာဉ်ငယ်လေးကို လိုက်ပါ စီးနင်းခဲ့တာပါ။  ၁၉၈၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြင်းခြံစည်းရုံးခရီးစဉ်ကို  ကြိုဆိုရေးတာဝန်ယူခဲ့တဲ့ လှည်းပိုင်ရှင် ဦးဖိုးသက်က “ကျနော့်မိဘတွေလက်ထက်  ကျနော် ၈ တန်းကျောင်းသားအရွယ်က အမေစု က ညောင်ဦး ခရီးစဉ်အပြီး မြင်းခြံကိုလာခဲ့တာပါ။ အဲ့အချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်မှန်းသိလို့ ဘယ်ခရီးသည်တင်မော်တော်ကမှ မတင်လို့ ရေနံချေးတင်တဲ့ မော်တော်နဲ့ ညောင်ဦးကနေ မြင်းခြံကို လိုက်ခဲ့ရတယ်။ မြင်းခြံဆိပ်ရောက်မှ နွားလှည်းနဲ့ခေါ်ပြီး မြို့ထဲကို Land Rover နဲ့ လာခဲ့ရတယ်”လို့ ပြောပါတယ်။ ခုတော့ အောက်တိုဘာ ၁၆ ရက်နေ့အမီ ပြည်သူတွေကို ချပြဖို့ လှည်းယာဉ်လေးကို  ပြင်ဆင်နေပြီဖြစ်ကာ လိုအပ်တဲ့  အသေးစားပြုပြင်မှုလေးတွေလည်း လုပ်ခဲ့ရတယ်လို့ ဦးဖိုးသက်က ဆိုပါတယ်။ အဆိုပါ လှည်းယာဉ်လေးကို လေလံပစ်ဖို့ကတော့ လောလောဆယ် အစီအစဉ် မဆွဲရသေးပါဘူး။ လှည်းပိုင်ရှင်က ဆန္ဒရှိနေတာမို့ လေလံတင်ဖြစ်မယ်ဆိုရင်လည်း ပွဲအစီအစဉ်ကို ပါတီဘက်က တာဝန်ယူ စီစဉ်ပေးသွားမှာပါလို့  မြင်းခြံခရိုင် အန်အယ်လ်ဒီပါတီ နာယက ဦးဌေးဝင်းက ပြောပါတယ်။ လေလံပစ်လို့ ရတဲ့ငွေတွေကိုတော့  မြင်းခြံ အန်အယ်လ်ဒီပါတီရုံး ဆောက်လုပ်ဖို့ လှူဒါန်းသွားမယ်လို့ သိရပါတယ်။  သတင်း- ဇာဇာမောင်(CJ)၊   ဓာတ်ပုံ -ကိုဖိုးသက်  
7 months Ago
Up