မြန်မာနိုင်ငံတွင်းက နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ အိုင်ဒီပီတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုအကူအညီအဖြစ် ဒေါ်လာ ၈ ဒသမ ၂၅ သန်း အကူအညီပေးမယ်လို့ နယူးဇီလန်နိုင်ငံ အစိုးရက ကြေညာပါတယ်။
ရိုဟင်ဂျာတွေကိုကူညီဖို့ ဒေါ်လာ ၅ သန်းခွဲကို ကုလသမဂ္ဂအေဂျင်စီတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (အန်ဂျီအို)တွေကိုပေးပို့သွားမှာဖြစ်ပြီး မြန်မာပြည်တွင်းက အိုင်ဒီပီတွေအတွက်တော့ ဒေါ်လာ ၂ ဒသမ ၇၅ သန်း ကူညီပေးမှာလို့ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး နာနီရာမာဟူတာက ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး နယူးဇီလန်အစိုးရက စိုးရိမ်တဲ့ အကြောင်း၊ အခြေအနေတွေဟာ ပိုဆိုးရွားလာနေပြီး ပဋိပက္ခတွေကြောင့် ပြည်သူ ၃၃၆,၀၀၀ လောက်ဟာ နေရပ်စွန့်ခွာ နေစရာမဲ့ဖြစ်နေကြရတယ်လို့ ဝန်ကြီးကပြောပါတယ်။
နယူးဇီလန်အစိုးရ အနေနဲ့ စစ်အာဏာသိမ်းမှုကို ဆက်လက် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ အရပ်သားအစိုးရကို အာဏာပြန်ပေးဖို့၊ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုတယ်လို့ လည်း နိုင်ငံခြားရေးဝန်ကြီး မာဟူတာက ပြောပါတယ်။