ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ယိုယွင်းခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့နိုင်ဖို့ အမေရိကန်ဒေါ်လာ ၅၂ ဘီလီယံ တန်ဖိုးရှိတဲ့ ဘဏ္ဍာရေး ထောက်ပံ့မှု ခွဲတမ်းတရပ်ကို ကနေဒါအောက်လွှတ်တော်က ဧပြီ ၁၁ ရက်မှာ အတည်ပြုလိုက်ပါတယ် ။
အစိုးရနဲ့အတိုက်အခံအမတ်တွေကြား သဘောတူညီမှု ရခဲ့တဲ့ အောက်လွှတ်တော်ဆုံးဖြတ်ချက်ကို အထက်လွှတ်တော်ဆီပို့ပေးပြီး အတည်ပြုချက်ရယူသွား တော့မယ်လို့လည်း ရိုက်တာသတင်းက ရေးပါတယ်။
ဇနီးဖြစ်သူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလို့ ရက်သတ္တ ပတ်ပေါင်းများစွာ အသွားအလာ ကန့်သတ်ပြီး သီးခြားနေထိုင်နေတဲ့ ဝန်ကြီးချုပ် ထရူးဒေါလည်း လွှတ်တော်မှာ တက်ရောက် စကားပြောခဲ့ပါတယ်။
အခု ဘဏ္ဍာရေးထောက်ပံ့မှုအစီအစဉ်မှာ ၇၉ ရာခိုင်နှုန်းကို နိုင်ငံတွင်းက အလုပ်သမားတွေအတွက် လစာပေးချေဖို့ သုံးသွားမှာပါ။
ကနေဒါ ဘဏ္ဍာရေးဝန်ကြီးကလည်း အစိုးရဟာ အလုပ်သမားတွေအတွက် ပေးငွေကို သီတင်းပတ် နှစ်ပတ်ကနေ ငါးပတ်အတွင်း ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။
ကနေဒါမှာ ပြီးခဲ့တဲ့လက အလုပ်အကိုင်ပေါင်းတသန်းအထိ စံချိန်တင်ဆုံးရှုံးခဲ့ရပြီး အစိုးရ စာရင်းဇယားတွေအရ နိုင်ငံသား ၅ ဒဿမ ၈၅ သန်းကျော်ဟာ ဖက်ဒရယ်အရေးပေါ် အလုပ်လက်မဲ့ အစီအစဉ်ကို လျှောက်ထားခဲ့တယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။
11 months Ago