ဒေါ်လာ ၂၀၀

August 26, 2021

ကာကွယ်ဆေးမထိုးသည့် ဝန်ထမ်းများ ဒေါ်လာ ၂၀၀ ထပ်ပေးရမည်ဟု ဒယ်လ်တာလေကြောင်းလိုင်း ပြော

ဒယ်လ်တာလေကြောင်းလိုင်းက ကာကွယ်ဆေးမထိုးတဲ့ ဝန်ထမ်းတွေဟာ ကုမ္ပဏီက စီစဉ်ပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်အတွက် တလကို အမေရိကန်ဒေါ်လာ ၂၀၀ ထပ်ပေးရမယ်လို့ လေကြောင်းလိုင်းက သြဂုတ် ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

ဒီလို လစဉ် ကောက်ခံမယ့်ကိစ္စဟာ နိုဝင်ဘာ တရက်မှာ စတင် အသက်ဝင်မယ်လို့ အမှုဆောင်အရာရှိချုပ် အဒ်ဘတ်စ်စီယံက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရလို့ ဆေးရုံတင်ရတဲ့အခါ ပျမ်းမျှ ကုန်ကျစရိတ်က လူ တယောက်ကို အမေရိကန်ဒေါ်လာ ငါးသောင်းထိ ကုမ္ပဏီက ကုန်ကျနိုင်တယ်လို့လည်း ဘတ်စီယံက ပြောပါတယ်။

ကျန်းမာရေးအာမခံအတွက် အပိုကြေး ထပ်ပေါင်းထည့်တာဟာ အလုပ်ရှင်တွေ သုံးတဲ့ နောက်ဆုံးပေါ် ဗျူဟာ ဖြစ်လာပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ဒယ်လ်တာ ဗီဇမျိုးကွဲ ကူးစက်မှုကနေ လုပ်ငန်းစဉ်တွေကို ကာကွယ်ဖို့ပါ။

ဒယ်လ်တာလေကြောင်းလိုင်းရဲ့ ပြိုင်ဘက် အမေရိကန်ကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ ယူနိုက်တက် လေကြောင်းလိုင်းကလည်း သူတို့ ဝန်ထမ်းတွေအတွက် ကာကွယ်ဆေး မဖြစ်မနေ ထိုးဖို့ စည်းမျဉ်း ချမှတ် ပေးထားပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ကုမ္ပဏီတွေနဲ့ ဒေသန္တရအစိုးရတွေက ပိုများတဲ့ ပြည်သူ တွေ ကာကွယ်ဆေး ထိုးဖို့ ဖိအားပေးရေး ညွှန်ကြား ထားပါတယ်။

3 months Ago
Up