ဒေါ်လာ သန်း ၅၀

November 30, 2019

အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် သီရိလင်္ကာကို ဒေါ်လာ သန်း ၅၀ အိန္ဒိယ ကူညီမည်

သီရိလင်္ကာနိုင်ငံရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ကူညီဖို့  အိန္ဒိယနိုင်ငံက အမေရိကန် ဒေါ်လာသန်း ၅၀ ကူညီထောက်ပံ့မယ်လို့ နိုဝင်ဘာ ၂၉ ရက်မှာ  ကြေညာလိုက်ပါတယ်။ သီရိလင်္ကာသမ္မတသစ် ဂိုတာဘာယာ ရာဂြာပတ်ဆာဟာ ၃ ရက်ကြာ ခရီးစဉ်အဖြစ်  နယူးဒေလီကို ရောက်ရှိနေတာဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ဆွေးနွေးပွဲလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲအပြီးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီက သီရိလင်္ကာနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ချေးငွေအမေရိကန်ဒေါ်လာသန်း ၅၀ ကူညီသွားမယ်လို့ ပြောဆိုလိုက်တာပါ။ သီရိလင်္ကာသမ္မတ ဂိုတာဘာယာကလည်း ဒီနှစ်ဧပြီလမှာ ဖြစ်ခဲ့တဲ့ အတွေ့အကြုံကြောင့် နိုင်ငံလုံခြုံရေးမဟာဗျူဟာတွေကို  ပြန်စဉ်းစားရမှာဖြစ်ပြီး ဒီကိစ္စမှာ အိန္ဒိယနိုင်ငံ အကူအညီကို တန်ဖိုးအထားဆုံး ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သီရိလင်္ကာနိုင်ငံ စီးပွားရေး တိုးတက်စေဖို့ အခြေခံအဆောက်အဦနဲ့  ဖွံ့ဖြိုးတိုးတက်ဖို့ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၄၀၀ ကူညီထောက်ပံ့သွားမယ်လို့လည်း   မိုဒီက ကြေညာခဲ့ပါတယ်။
3 years Ago
Up