ကမ္ဘာ့အကြီးမားဆုံး သဘာဝပတ်ဝန်းကျင် ပြဿနာတွေ ဖြေရှင်းနိုင်သူတွေကို အမေရိကန် ဒေါ်လာသန်းချီ ဆုချီးမြှင့်မယ့် အစီအစဉ်ကို ဗြိတိန်တော်ဝင်မင်းသား ဝီလျံက ဒီဇင်ဘာ ၃၁ ရက်မှာ စတင်လိုက်ပါတယ်။
သဘာဝပတ်ဝန်းကျင် ပြဿနာ ဖြေရှင်းနည်း အခု ၅၀ ထက်မနည်း ထုတ်ဖော်မယ့် ရည်ရွယ်ချက်နဲ့ လာမယ့် ဆယ်စုနှစ်အတွင်း တနှစ်ကို လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်း ၅ ခု ကို Earthshot Prize ဆုချီးမြှင့်သွားမှာပါ။
Earthshot Prize လို့ လူသိထင်ရှား ထုတ်ပြန်ထားတဲ့ ဆုဟာ သမိုင်းမှာ ဂုဏ်သိက္ခာအကြီးမားဆုံး သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆု ဖြစ်သွားမှာပါ။
“ကမ္ဘာကြီးဟာ အတိမ်းအစောင်းမခံတဲ့ အခြေအနေမှာရှိနေပြီး ကျနော်တို့ဟာ အရွေးရခက်တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ အဲဒါက ကျနော်တို့ ဒီအတိုင်း ဆက်သွားပြီး ကမ္ဘာကြီးကို အပျက်စီးခံမလား။ ဒါမှမဟုတ် အစဉ်အဆက် ဦးဆောင် ဖန်တီးပြီး ပြဿနာဖြေရှင်းနိုင်စွမ်းရှိတဲ့ လူသားတွေအဖြစ် ကျနော်တို့ရဲ့ တမူထူးခြားတဲ့ စွမ်းရည်ကို အသိမှတ်ပြုမလား”လို့ တော်ဝင်မင်းသား ဝီလျံက သတင်း ထုတ်ပြန် ပြောပါတယ်။
ရာသီဥတုနဲ့ စွမ်းအင် ၊ သဘာဝတရားနဲ့ ဇီဝမျိုးစုံကွဲပြားမှု ၊ သမုဒ္ဒရာ ၊ လေထုညစ်ညမ်းမှု နဲ့ ရေချို ပြဿနာတွေအတွက် နည်းပညာ ၊ မူဝါဒနဲ့ ဖြေရှင်းနည်းအသစ်တွေ ရှာဖွေဖို့ရည်ရွယ်ချက်နဲ့ Earthshot Prize ကို ချီးမြှင့်တာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago