ဒေါ်လာ

March 11, 2020

ရုရှား ရူဘယ်ငွေတန်ဖိုး အနိမ့်ဆုံးစံချိန်တင် ကျဆင်း 

ရုရှား ရူဘယ်ငွေကြေးဟာ မတ်လ ၉ ရက်နေ့က ၂၀၁၆ ခုနှစ်နောက်ပိုင်း အားအပျော့ဆုံးအဆင့်ကို ကျဆင်းခဲ့ပါတယ်။  ရုရှားနဲ့ အိုပက်အဖွဲ့အကြား ရေနံလျှော့ထုတ်ရေး သဘောတူညီချက်မရ ဖြစ်ခဲ့ပြီး ရေနံဈေးနှုန်း ကျဆင်းခဲ့ပြီးနောက် ရူဘယ်တန်ဖိုး ကျဆင်းခဲ့တာပါ။ ရုရှား ရူဘယ်ငွေဟာ အမေရိကန် ၁ ဒေါ်လာကို ၇၄ ဒသမ ၄၀ နဲ့ ၇ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၆ ဖေဖော်ဝါရီနောက်ပိုင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။  အီးယူ ၁ ယူရိုကိုတော့ ၈၄ ဒသမ ၉၅ ရူဘယ်နဲ့  ၂၀၁၆ ဖေဖော်ဝါရီနောက်ပိုင်း အားအပျော့ဆုံး ဖြစ်ခဲ့ပါတယ်။ ဒီအတွက် ရုရှားဗဟိုဘဏ်က နိုင်ငံခြား အရန်ငွေကြေးဝယ်ယူတာကို ရက် ၃၀ ဆိုင်းငံ့လိုက်ပြီး ရူဘယ်ငွေတန်ဖိုး ကျဆင်းတာ သက်သာစေဖို့ အလျင်အမြန် ဆောင်ရွက်ခဲ့ပါတယ်။  ရူဘယ်ငွေတန်ဖိုးကျတာက ပုံမှန်တော့ ငွေကြေးဖောင်းပွမှု စိုးရိမ်စိတ်တွေကို ပေါ်ပေါက်စေပါတယ်။ ကုမ္ပဏီတွေဟာ  လုပ်ငန်းတွေကို  အာရုံစိုက်မယ့်အစား  ဈေးကစားလေ့ရှိတာမို့လည်း  ရူဘယ်ငွေတန်ဖိုး အပြောင်းအလဲမြန်တာက လုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ချက်တွေကို ထိခိုက်စေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up