ဒေါ်နီနီမေမြင့်

October 18, 2020

လက်နက်အားကိုး အနိုင်အထက်ပြု ဖမ်းဆီးမှုကို လက်မခံဘဲ ဆန့်ကျင်ကြရန် NLD တိုက်တွန်း

လက်နက်ပြ ခြိမ်းခြောက် ဖမ်းဆီးမှုဟာ တရားမျှတမှုမရှိတဲ့ အကြမ်းဖက် ဖမ်းဆီးမှု ဖြစ်တာကြောင့် ပြင်းထန်စွာ ရှုတ်ချပြီး လက်နက်အားကိုး အနိုင်အထက်ပြု ဖမ်းဆီးမှုကို လက်မခံဘဲ ဖမ်းဆီးခံ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဘက်က ရပ်တည်ပြီး ဆန့်ကျင်ကြဖို့ ပြည်သူတွေကို NLD က တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်‌ ဖေါင်းခါးကျေးရွာမှာ အောက်တိုဘာလ ၁၄ ရက်နေ့ မနက် ၁၁ နာရီလောက်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို အမြန်ဆုံးလွှတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အောက်တိုဘာ ၁၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။ အခုလို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာဟာ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို နှောင့်နှေးစေပြီး မကြာခင် ကျင်းပတော့မယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်အောင် ရည်ရွယ် လုပ်ဆောင်နေမှုဖြစ်တဲ့အတွက် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်ရေးအတွက်လည်း အဟန့်အတား ဖြစ်စေတယ်လို့ ဆိုပါတယ်။  ဖမ်းဆီးခံရတဲ့သူတွေဟာ တောင်ကုတ်မြို့နယ် ဖေါင်းခါးကျေးရွာမှာ ပါတီအောင်နိုင်ရေး ဆောင်ရွက်နေကြတဲ့ ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ ဖြစ်ပြီး လက်နက်ကိုင်လူတစုက သေနတ်များနဲ့ ချိန်ရွယ် ရိုက်နှက်ကာ ကြိုးတုပ် ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။  သတင်း - ‌ကောင်းထက်အောင်
1 year Ago
Up