မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်တွေမှာ နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ အသီးသီး အနိုင်ရသွားပါတယ်။
ဘိုင်ယန်မြူးနစ်က အိမ်ကွင်းမှာ မိန်းဇ်အသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတာပါ။
တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ မိန်းဇ်အသင်းက ပထမပိုင်းမှာ ဦးဆောင်ဂိုး ၂ ဂိုးကို အရင် သွင်းယူတာပါ။
ဘိုင်ယန်မြူးနစ်အတွက် အနိုင်ဂိုးတွေကို ဒုတိယပိုင်းမှာ ကင်မစ်ချ်၊ ဆာနေး၊ ဆူလေနဲ့ လီဝမ်းဒေါ့စကီးတို့က သွင်းယူပါတယ်။
ဒီပွဲနိုင်တဲ့ ဘိုင်ယန်မြူးနစ်က ၃၃ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို တက်လှမ်းသွားပါတယ်။
ဒေါ့မွန်အသင်းကတော့ ၂ ဂိုး ဂိုးမရှိနဲ့ ဝု့စ်ဘက်အသင်းကို အနိုင်ရသွားပါတယ်။ ဒေါ့မွန်အတွက် အနိုင်ဂိုးတွေကို ကန်ဂျီနဲ့ ဆန်ချိုတို့က သွင်းယူပါတယ်။
အင်္ဂလန် တိုက်စစ်မှူး ဆန်ချိုအတွက်တော့ ဒီရာသီ ဘွန်ဒတ်စ်လီဂါမှာ ပထမဆုံးသွင်းယူတဲ့ ဂိုးလည်း ဖြစ်ပါတယ်။
ဒီပွဲနိုင်တဲ့ ဒေါ့မွန်က ၂၅ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို တက်လှမ်းသွားပါတယ်။
ဝု့စ်ဘက်အသင်းကတော့ ၂၄ မှတ်နဲ့ အဆင့် ၆ နေရာကို လျော့ကျသွားပါတယ်။
2 months Ago