မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ဥရောပထိပ်တန်းကလပ်တွေဖြစ်တဲ့ ဟော်လန်ကလပ် အေဂျက်ဇ်၊ ဂျာမနီကလပ် ဒေါ့မွန်အသင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးမယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ အဲဒီ ၂ သင်းထဲကနေ ဘယ်အသင်းနဲ့ ပူးပေါင်းလုပ်ဆောင်မလဲဆိုတာ ဆွေးနွေးနေဆဲ ဖြစ်ပြီး အေဂျက်ဇ်အသင်းနဲ့ ပူးတွဲလုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။
အေဂျက်ဇ်အသင်းနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် လက်ရှိ မြန်မာဘောလုံးအကယ်ဒမီတွေမှာ နည်းစနစ်ဒါရိုက်တာဟောင်း အဲရစ် လုပ်ဆောင်ခဲ့တဲ့အတိုင်း အပြောင်းအလဲ သိပ်မရှိဘဲ လုပ်ဆောင်နိုင်တယ်လို့ ဦးကိုကိုသိန်းက ပြောပါတယ်။
ဟော်လန်ကလပ် အေဂျက်ဇ်အသင်းနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မယ်ဆိုရင် မြန်မာလူငယ်တွေအနေနဲ့ ဥရောပကို ထွက်ကစားနိုင်မယ့် နည်းလမ်းလည်း လမ်းပွင့်သွားနိုင်ပြီး အကယ်ဒမီတွေရဲ့ သင်ကြားမှုတွေဟာလည်း ကမ္ဘာ့အဆင့်ဝင်နိုင်လိမ့်မယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ကမ်းလှမ်းဆဲ အခြေအနေသာဖြစ်ပြီး ငွေကြေး ဘယ်လောက်ပေးရမလဲ ဆိုတာကိုတော့ ကနဦးဆွေးနွေးမှုတွေ ပြုလုပ်တဲ့အချိန်ရောက်မှ သိရှိရမယ်လို့ သိရပါတယ်။
ပူးပေါင်းဆောင်ရွက်ခွင့်ရမယ် ဆိုရင်တော့မြန်မာ ကစားသမားတွေအတွက် အကျိုးရှိစေမယ့်အပြင် မြန်မာနည်းပြတွေဟာလည်း အေဂျက်ဇ်နည်းပြတွေဆီမှာ လေ့လာသင်ကြားနိုင်ဖို့ရှိတယ်လို့ သိရပါတယ်။
9 months Ago