ဒေါပုံနှင့် သာကေတ

March 23, 2021

ဒေါပုံနှင့် သာကေတတွင် စစ်တပ်နှင့်ရဲက ပစ်ခတ်ဖြိုခွင်းဖမ်းဆီးမှုများပြုလုပ်နေ

ရန်ကုန် သာကေတမြို့နယ်နဲ့ ဒေါပုံမြို့နယ်တွေမှာ  အာဏာသိမ်း စစ်အုပ်စုရဲ့ လက်နက်ကိုင်တပ်တွေက ရပ်ကွက်ထဲဝင်ရောက် ပြည်သူတွေကို  ပစ်ခတ် အကြမ်းဖက်နှိမ်နှင်း ဖြိုခွင်းတာတွေ နေ့စဉ်ရက်ဆက်ပြုလုပ်နေပါတယ်။

မတ်လ ၂၃ ရက် ဒီနေ့မနက်မှာလည်း ဒေါပုံနဲ့ သာကေတမြို့နယ်တွေကို စစ်တပ်နဲ့ ရဲတွေရောက်လာပြီး  ဒေါပုံနွယ်အေးရပ်ကွက်ထဲမှာ ဝင်ရောက် ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။ 

မနေ့ည ၁၀ နာရီခွဲလောက်ကလည်း ဒေါပုံမြို့နယ်နဲ့ သာကေတ မြို့နယ်ဘက်မှာ  သေနတ်ပစ်သံနဲ့ အသံဗုံးပစ်သံတွေ ဆက်တိုက် ကြားရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်ရုံးလည်း မီးလောင်သွားခဲ့သလို မင်းနန္ဒလမ်း ဧရာ၀ဏ်လမ်း တောက်လျှောက်လည်း ည ၁၁ နာရီလောက်အထိ  အသံဗုံးတွေ ပစ်သံတွေကြားရပြီး လူ ၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

မီးလောင်မှုကြောင့် နွယ်အေးရပ်ကွက်ရုံးနဲ့ ကပ်နေတဲ့ ဆံပင်ညှပ်ဆိုင်၊ ဖုန်းဆိုင်နဲ့ ကွမ်းယာဆိုင်တွေလည်း မီးလောင်ကျွမ်းခဲ့ရပါတယ်။

မတ်လ ၂၂ ရက်ကလည်း သာကေတမြို့နယ် မြင်တော်သာလမ်းမပေါ်က ကျန်းမာရေး သပိတ်စခန်းကို လက်နက်ကိုင် စစ်တပ်နဲ့ ရဲတွေ လာရောက်ပြီး  ရာဘာကျည်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ အဲ့လိုဖြိုခွင်းခဲ့တာကြောင့် ပြည်သူ ၁ ဦး  ရာဘာကျည်မှန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။

လက်နက်ကိုင်တပ်တွေရဲ့ အကြမ်းဖက်မှုတွေရှိနေတဲ့ အကြားက သာကေတ ရပ်ကွက်ထိပ်တိုင်းမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြည်သူထုတွေက ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြ ပါတယ်။ 

ဒီကနေ့မနက်မှာလည်း သာကေတမြို့နယ်နေ လူငယ်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး  အရုဏ်ဦး သပိတ်ကို ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ပါတယ်။

Photo-Credit

2 years Ago
Up