ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၄ ဦးကို ထောင်ဒဏ် ၆ လ ထပ်မံချမှတ်

June 10, 2020

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၃ ဦးကို ဖျာပုံတရားရုံးက ထောင်ဒဏ် ၁ နှစ်ပြစ်ဒဏ်ချ

တပ်မတော်က  အကြည်ညိုပျက်စေမှု  ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၃ ဦးကို  ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တရားရုံးက ဒီကနေ့  ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက်ပါတယ်။ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေတို တို့ကို ဖျာပုံတရားရုံးမှာ ဇွန်လ ၉ ရက်နေ့က စတင်ရုံးထုတ်ခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့မှာ ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ ကိုဇေယျာလွင်က ဒီဗွီဘီကို ပြောပါတယ်။ “တရားရုံးတွေက စစ်တပ်နဲ့ပတ်သက်ပြီး နိုင်ငံရေးအရ တရားစွဲဆိုတဲ့အပေါ်မှာ တရားမျှတမှုကို တရားရုံးမှာ ရှာမတွေ့ဘူး၊ တရားသူကြီးတွေအနေနဲ့ အကြောက်တရားတစ်ခု သူတို့အပေါ်မှာ ရှိနေတယ်။ တပ်က တရားစွဲလာပြီဆိုရင် အမိန့်ချကိုချမှာ ဒီလိုပဲ မြင်ပါတယ်”လို့ ထောင်ဒဏ်ချမှတ်ခံရသူ ကိုဇေယျာလွင်က ပြောပါတယ်။ တပ်မတော်နဲ့ပတ်သက်ပြီး သံချပ်ထိုးရာမှာ  တပ်မတော်က စွပ်စွဲသလို တပ်မတော်သားတွေ ပုန်ကန်လာအောင် တပ်မတော်ပြိုကွဲအောင် မရည်ရွယ်ကြောင်းနဲ့ နိုင်ငံရေးအခန်းကဏ္ဍမှာ ပါဝင်နေတဲ့ တပ်မတော်ကို ထွက်သွားစေချင်တာနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ပါဝင်လာစေချင်တဲ့ ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာဖြစ် တယ်လို့ဆိုပါတယ်။ ကိုဇေယျာလွင်က ဧရာဝတီတိုင်းက မြို့နယ်တွေမှာ တရားစွဲဆို ခံထားရတာနဲ့ပတ်သက်ပြီး တရားရုံးတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာမဟုတ်ဘူးလို့ ဇွန်လ ၄ ရက်နေ့က မအူပင်မြို့နယ်တရားရုံးမှာ ပြောဆိုခဲ့တာပါ။ မအူပင်မြို့နယ်မှာလည်း  ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုပြီး ဇွန်လ ၁၁ ရက်မှာ တတိယအကြိမ် ရုံးထုတ်စစ်ဆေးခံရဖို့ရှိတယ်လို့ ကိုဇေယျာလွင်က ပြောပါတယ်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို မအူပင်နဲ့ ဒေးဒရဲမြို့နယ်တို့မှာ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားပြီး ပုသိမ်မြို့မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ထားခံရကာ ဇွန်လအတွင်း ရုံးထုတ် စစ်ဆေးတာတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ သံချပ်တွေလှည့်လည်ဖျော်ဖြေခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် ဆက်သွယ်ရေးဥပဒေတွေနဲ့ တရားစွဲခံခဲ့ရတာပါ။ မင်းထက်မုန်း(ပုသိမ်)
1 year Ago

May 30, 2020

ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲထားသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို မအူပင်တွင် ပထမအကြိမ် ရုံးထုတ်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ တပ်မတော်က ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို မအူပင်မြို့နယ်တရားရုံးမှာ  မေလ ၂၉ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေတို့ကို တပ်မတော်က ဒုဗိုလ်မှူးကြီးအဆင့်ရှိသူက တရားစွဲဆိုခံတာဖြစ်ပြီး ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးမှုမှာ တရားစွဲဆိုထားသူ ခွင့်တိုင်ထားလို့ နောက်ရုံးချိန်မှာ ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။ တရားစွဲခံထားရသူ ကိုဇေယျာလွင်က "ကျနော်တို့ကို ရဲက စစ်ချက်ယူထားတာ အတော်ကြာပါပြီ၊ ၁ နှစ်ကျော်ကြာမှ ရုံးထုတ်တာ တော့ ထောင်ထဲမှာနေတာကြာအောင် ဆွဲဆန့်တယ်လို့ ယူဆပါတယ်။ ဒီနေ့မှ ရုတ်တရက် ထွက်လာရတာဆိုတော့ တရားရုံးမှာ ရှေ့နေငှားရမ်းဦးမှာတော့ မဟုတ်ဘူး၊ တရားရုံးနဲ့ ပူးပေါင်းမလား၊ မပူးပေါင်းမလားဆိုတာလည်း မပြောနိုင်သေးပါဘူး၊ နောက်လာမယ့် ရုံးချိန်မှ အသေးစိတ်ပြောနိုင်မယ် ထင်ပါတယ်" လို့ ရုံးထုတ်ချိန်မှာ ပြောဆိုခဲ့ပါတယ်။ ဧရာဝတီတိုင်းမှာ တရားစွဲဆိုခံရပြီး ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခံခဲ့ရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ဖျာပုံနဲ့ ဒေးဒရဲမြို့နယ်တို့မှာ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားပြီး ပုသိမ်မြို့မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ထားခံရကာ ဇွန်လအတွင်း ရုံးထုတ် စစ်ဆေးတာတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ သံချပ်တွေလှည့်လည်ဖျော်ဖြေခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုအပါအဝင် ဆက်သွယ်ရေးဥပဒေတွေနဲ့ တရားစွဲခံထားရတာပါ။
2 years Ago
Up