ဒေါက်တာမြင့်မြင့်စိန်

May 11, 2020

မြန်မာပြည်၏ ပထမဆုံး COVID-19 ကူးစက်ခံလူနာဆရာဝန် ဒေါက်တာမြင့်မြင့်စိန် Negative ၂ ကြိမ်ပြပြီ

ဝေဘာဂီအထူးကုဆေးရုံကြီးမှာ COVID-19 ပိုးတွေ့လူနာအဖြစ် ဆေးကုသမှုခံယူနေတဲ့ ပြည်မြို့က မေ့ဆေးအထူးကုဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်ဟာ ဓာတ်ခွဲစစ်ဆေးချက် အဖြေအရ Negative ၂ ခါပြခဲ့ပြီလို့  ဝေဘာဂီအထူးကုဆေးရုံကြီးက ပါမောက္ခ ဒေါက်တာစံပယ်ဖြူက ဒီဗွီဘီကို ပြောပါတယ်။ ဒေါက်တာမြင့်မြင့်စိန်ဟာ ပထမအကြိမ်မှာ Positive ၊ ဒုတိယအကြိမ်မှာ Negative ၊ တတိယအကြိမ်မှာ Positvie ၊ စတုတ္ထအကြိမ်မှာ Negative ၊ ပဉ္စမအကြိမ်မှာ Positvieဖြစ်ခဲ့ကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ရေးသားထားရာကနေ ဒီနေ့ မေလ ၁၁ ရက်နေ့မှာတော့ Negative ၂ခါပြကြောင်း ရေးသားလာပါတယ်။ ပိုးတွေ့လူနာတွေအနေနဲ့ Negative ၂ ခါပြပြီးနောက် ဆေးရုံက ဆင်းခွင့်ရမှာဖြစ်ပြီး Facility Quarantine ၁၄ရက် (၂ပတ်) နဲ့ Home Quarantine ၇ ရက်(တစ်ပတ်) ဆက်နေရမှာဖြစ်ပါတယ်။ အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်ဟာ ပြည်ခရိုင်ကုတင် ၅၀၀ ဆေးရုံမှာ COVID -19 အတည်ပြုလူနာတစ်ဦးကို ဆေးကုသပေးရင်း မြန်မာပြည်ရဲ့ ပထမဆုံးကူးစက်ခံလူနာဆရာဝန်တစ်ဦးလည်းဖြစ်ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးရာမှာ   Case - 30 နဲ့  Case - 97 တို့ဟာ ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိတာကြောင့် မေလ ၁၁ ရက် အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၇၄) ဦးရှိကြောင်းနဲ့ အဲဒီအထဲက ၅၉ ဦးကိုတော့  ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ် နေရာတွေမှာ အသွားအလာဆက်လက်ကန့်သတ် စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
11 months Ago
Up