ဒေါက်တာတင်မင်းထွဋ်

May 16, 2021

ပန်းတနော်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ် ဖမ်းဆီးခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှာ မေ ၁၅ ရက် ညပိုင်းက NLD ပါတီရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင်မင်းထွဋ်ကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ည ၉ နာရီကျော်လောက်မှာ  စစ်တပ်နဲ့ရဲအင်အား အလုံးအရင်းနဲ့ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ည ၉ နာရီခွဲလောက်က ဆရာတင်မင်းထွဋ်ကို နေအိမ်ကိုပဲ ကားတွေနဲ့လာခေါ် သွားပါတယ်။ ဘယ်ခေါ်သွားသလဲဆိုတာတော့ မသိရသေးပါဘူး"

 မတ်လထဲမှာ ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းညွန့်သိန်းကို လည်း အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းမှုအပြီး ဧရာဝတီတိုင်း ဝန်ကြီးချုပ်အပါဝင် ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးခဲ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်တချို့ကို ပြန်လွှတ်ပေးတာ ရှိပေမဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကိုတော့ နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက်ဖမ်းဆီးထားပါတယ်။

6 months Ago
Up