အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြည် သူ့စစ်သားနဲ့ မိသားစုဝင်တွေအတွက် ငွေကျပ်သိန်း ၂၀ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြည်သူ့စစ်သားများအဖွဲ့ People’s Soldiers က ကျေးဇူး တင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုလွှာတစောင် ထုတ်ပြန်ထားပါတယ်။
ပြည်သူ့စစ်သားများအဖွဲ့နဲ့ ပြည်သူ့စစ်သားဇနီးများ အဖွဲ့တွေကတော့ မတရားစစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ကာ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ် မတော်သားတွေနဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကူညီပေးနိုင်ဖို့ ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး အပတ်စဉ် “ပြည်သူ့စစ်သားစကားဝိုင်း” ကိုလည်း တင်ဆက်နေတာကို တွေ့ရပါတယ်။
လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးဟာ ၉ လနီးပါးရှိလာခဲ့ပြီဖြစ်ကာ ဒီ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်း မာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်လက်အောက်ကနေ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေဟာလည်း တနေ့တခြား ပိုပြီးတော့ များပြားလာနေခဲ့တာကို တွေ့ရပါတယ်။
လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားတာပါ။
မြန်မာနိုင်ငံပြဿနာအကျပ်အတည်းနဲ့ ပတ်သက်ပြီးကူညီဖြေရှင်းရာမှာ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ လုပ်ငန်းအချိန်ဇယားအတိအကျနဲ့ လုပ်ဆောင်ဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာက ပြောပါတယ်။
အာဆီယံကခန့်အပ်လိုက်တဲ့ ဘရူနိုင်းနိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဧရာဝဏ်ယူဆွတ်ဖ်ဟာ လူကောင်းလူမွန်တစ်ယောက်ဖြစ်တယ်ဆိုတာ နိုင်ငံတကာဆက်ဆံရေးအသိုင်းအဝိုင်းကနေ ကြားသိထားတဲ့အတွက် အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ဖို့လည်း မျှော်လင့်တယ်လို့ ဆိုပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးမှာ ဘက်စုံကပါဝင်ပတ်သက်သူတွေနဲ့ တွေ့ဆုံသွားမယ်လို့ လည်းဆိုပါတယ်။
NUG ပြောရေးဆိုခွင့်ရှိသူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဆာဆာက "ကျနော်တို့ မေးရမှာက အထူးကိုယ်စားလှယ်နဲ့ ကျနော်တို့ ဘယ်လောက်ညှိနှိုင်း ဆွေးနွေးအဖြေရှာနိုင်မလဲဆိုတာ မေးရမှာဖြစ်တယ်။ အာဆီယံက လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ သတ်မှတ်တဲ့အချိန်ဇယားရှိရမှာဖြစ်ပါတယ်။ ကျနော် နောက်ကွယ်ကနေ သေသေချာချာပြောပြီးပါပြီ။ အချိန်ဇယားမရှိဘဲအလုပ်လုပ်နေရင် လူထုကသေနေပြီကို။ ဒီလမှာ ဘာဖြစ်ရမယ်ဆိုတာ လက်တွေ့ကျဖို့လိုပါတယ်။ အောင်မြင်အောင်လုပ်နိုင်ဖို့လည်းလိုပါတယ်။ အချိန်ကန့်သတ်ချက်လည်းရှိရပါမယ်"
အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်ဖို့ အချိန် ရက်ပေါင်း ၁၀၀ ကျော်ကြာခဲ့ပြီး အခုလို ကိုယ်စားလှယ် ခန့်ပြီးဆောင်ရွက်နေတာဟာ အချိန်ဆွဲ နည်းဗျူဟာတစ်ရပ်ဖြစ်တယ်လို့လည်း နိုင်ငံရေး အကဲခတ်တွေက ဝေဖန်သုံးသပ်နေကြတာဖြစ်ပါတယ်။
မြန်မာ့အရေးဟာ အာဆီယံအပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိလာတာကြောင့် သူတို့ရဲ့ ဝင်မစွက်ဖက်ရေးမူကို ကျော်လွန်ပြီး မြန်မာ့အရေးအထူးကိုယ်စားလှယ်ကိုခန့်အပ်ခဲ့တာဖြစ်တယ်လို့ ဒေါက်တာဆာဆာက ပြောပါတယ်။
အာဆီယံက အဖွဲ့အစည်းရဲ့ မူဘောင်ကိုကျော်ပြီး မြန်မာ့အရေးအတွက်လုပ်ဆောင်လာတယ်ဆိုတာ မြန်မာနိုင်ငံရဲ့ အတက်အကျဟာ အာဆီယံရဲ့ အတက်အကျနဲ့ တိုက်ရိုက်အချိုးကျလာတာကြောင့်ဖြစ်တယ်လို့ ဒေါက်တာဆာဆာက သုံးသပ်ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီးကုလသမဂ္ဂ၊ အနောက်နိုင်ငံတွေ၊ တရုတ်၊ ရုရှားနဲ့ ဒေသတွင်းနိုင်ငံတွေက စစ်ကောင်စီနဲ့ဆက်ဆံဖို့ အာဆီယံကို ကြားခံအဖြစ်အသုံးပြုဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။
ဒေါက်တာဆာဆာ "အခု အမေရိကန်ရယ်၊ တရုတ်ရယ်၊ အိန္ဒိယရယ်၊ အာဆီယံရယ် အစည်းအဝေးလုပ်နေကြတယ်။ မြန်မာနိုင်ငံအရေးလို့ပြောနေကြပေမဲ့ တကယ့်အာဆီယံအရေးဖြစ်လာတဲ့အတွက် အာဆီယံက မူဘောင်ကိုကျော်ပြီးတော့ အာဆီယံသမိုင်းမှာ တစ်ခါမှမလုပ်ဖူးတာကို လုပ်နေတာဖြစ်တယ်။"
စစ်အာဏာသိမ်းပြီးချိန်မှာ အာဆီယံကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကိုလာရောက်ပြီး စစ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တာ၊ အာဆီယံအစည်းအဝေးကို စစ်ခေါင်းဆောင်ကိုဖိတ်ခေါ်ခဲ့တာ၊ တရုတ်အာဆီယံအစည်းအဝေးမှာလည်း စစ်ကောင်စီကိုယ်စားလှယ်ကိုပဲဖိတ်ခေါ်ခဲ့ပါတယ်။
ဒါပေမဲ့ ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုတော့ မဖိတ်ခေါ်ခဲ့တာတွေနဲ့ပတ်သက်ပြီး မျှတမှုမရှိဘူးလို့ ဒေါက်တာဆာဆာက ဝေဖန်ပါတယ်။
အထူးကိုယ်စားလှယ်ခန့်အပ်ပြီးချိန်မှာ အာဆီယံဟာ အားလုံးပါဝင်ရေးမူကို အကောင် အထည်ဖော်နိုင်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမြန်မာ့အရေးဟာ မြန်မာနိုင်ငံအတွက်သာမက အာဆီယံရဲ့ဂုဏ်သိက္ခာအတွက်ပါ နောက်ဆုံးအခြေအနေ တစ်ခုကိုရောက်နေတာလို့လည်း ဒေါက်တာ ဆာဆာက သုံးသပ်ထားပါတယ်။