ဒေါက်တာကျော်စွာဦး

February 4, 2021

“ပြည်သူလူထုနဲ့အတူ တိုက်ပွဲဝင်သွားမယ်”- လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်စွာဦး

နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ ရောက်ရှိနေတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေက  ဒီကနေ့ ဖေဖော်ဝါရီ  ၄ရက်နေ့မှာ တတိယအကြိမ် လွှတ်တော် ခေါ်ယူပြီး ကိုယ်စားလှယ်တွေ ကတိသစ္စာ ပြုခဲ့ကြတာနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်စွာဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေး - ဒီမနက် စည်ပင်ရိပ်သာမှာ ကျန်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေစုပြီး တတိယအကြိမ် လွှတ်တော်ခေါ်လိုက်တယ်လို့ သိရပါတယ်။ အခြေအနေလေး ပြောပြပေးပါ။

ဖြေ - “ဟုတ်ပါတယ်။ ကျနော်တို့ ဒီမနက် ၁၀ နာရီ ဝန်းကျင်လောက်မှာ ၂၄ နာရီအတွင်း ထွက်ခွာရမယ် သတ်မှတ်ထားတာ မပြည့်ခင်မှာ ကျနော်တို့က ကျန်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူ့လွှတ်တော်ရယ်၊ အမျိုးသားလွှတ်တော်ရယ် ကိုယ်စားလှယ်တွေ ပေါင်းပြီးတော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုး ကျမ်းသစ္စာကျိန်ဆိုကြတယ်ပေါ့။

မေး - ပြန်သွားတဲ့ အမတ်တွေကရော ဘယ်လို ပူးပေါင်းပါဝင်ဖို့ ရှိလဲ ဆရာ။

ဖြေ- “နားလည်ထားသလောက်တော့ လက်မှတ်မထိုးဖြစ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း နောက်ပိုင်းအဆင့်ဆင့် လုပ်ဖို့တွေ ရှိပါတယ်။”

မေး - အခု သူတို့ပြောတဲ့အတိုင်း ၂၄ နာရီပြည့်ရင် စည်ပင်ရိပ်သာကနေ  ထွက်ခွာတော့မှာပေါ့။

ဖြေ - ဟုတ်ပါတယ်ဗျ။ ကျနော်တို့ ပြန်ဖို့ အကုန်လုံး ဟိုဟာ ဖြစ်ပါပြီ။ ကိုယ့်နေရာကနေ ကိုယ် ဆက်လှုပ်ရှားဖို့ပေါ့။ ပြည်သူတွေ Mandate ပေးထားတဲ့အတိုင်းပေါ့ ။

မေး - တခြား ဘာများ ဖြည့်စွက် ထပ်ပြောချင်သေးလဲ။ဖြေ - “ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိဘပြည်သူတွေနဲ့အတူ အမြဲတမ်း ရှိနေတယ် ဆိုတာလေးကိုလည်း ပြောလိုပါတယ်။ နောက်ပြီး အခု အကြမ်းမဖက်နည်းနဲ့ လှုပ်ရှားမှုမှန်သမျှ၊ နောက် အခုလုပ်နေတဲ့ Civil Disobedience လှုပ်ရှားမှုကိုလည်း အပြည့်အဝ ထောက်ခံတယ်။ လေးလည်းလေးစားတယ်။ ဂုဏ်လည်း ဂုဏ်ယူတယ်။ အရှိန်မြှင့်ပြီးတော့ ဆက်လက် ဆောင်ရွက်သွားဖို့လည်း ကျနော်တို့ ခေါင်းဆောင်တွေက သတင်းစကားပါးပါတယ် အကြမ်းမဖက်နည်းနဲ့ပေါ့နော်။ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ကလည်း ပါတီ ခေါင်းဆောင်အဆင့်ဆင့်ရဲ့ လမ်းညွှန်မှုအတိုင်း ဆက်လက်ပြီး ပြည်သူလူထုနဲ့အတူ တိုက်ပွဲဝင်သွားမယ်ဆိုတာလည်း ဒီကနေ သတင်းစကားပါးလိုပါတယ်။”

Photo-ဒေါက်တာကျော်စွာဦး

2 years Ago
Up