ဒေသန္တရအမိန့်ထုတ်ပြန်

June 13, 2020

ပြင်ကောက်ကျေးရွာ သန္တာကျောက်တန်း မပျက်စီးစေရန် ဒေသန္တရအမိန့်ထုတ်ပြန်

မာန်အောင်မြို့နယ် ပြင်ကောက်အုပ်စု ပြင်ကောက်ကျေးရွာ ကမ်းခြေတလျှောက်မှာ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ သန္တာကျောက်တန်းတွေ မပျက်စီးစေဖို့ မာန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တရအမိန့်ကို ဇွန် ၉ ရက်နေ့က ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ အခုလို သန္တာကျောက်တန်း မပျက်စီးစေဖို့အတွက် ဒေသန္တရအမိန့် ထုတ်ပြန်ချက်ကို ကြိုဆိုမှု ပြုလုပ်ပေမယ့် အဲဒီကျေးရွာအတွင်း တပိုင်တနိုင် ငါးဖမ်းအသက်မွေးသူတွေ စားဝတ်နေရေး အခက်အခဲ ဖြစ်လာမှာကိုတော့ စိုးရိမ်မိကြောင်း ဒေသခံ ကိုအောင်မြင့်သူက ပြောပါတယ်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရ ထုတ်ပြန်ချက်ကို ကျနော်တို့ ကြိုဆိုတယ်၊ ထောက်ခံတယ်။ ဒီသဘာဝသန္တာကျောက်တန်းဆိုတာကို ထိန်းသိမ်းဖို့ဆိုတာက တော်တော်အရေးပါတဲ့ အရာတခုပါ။ ဒါပေမဲ့ အရင်အဆက်ဆက်က ဒီနေရာ ဒီဒေသမှာ တပိုင်တနိုင် ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ဒေသခံတွေ ရှိတယ်။ အခု ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ငါးရှာထွက်ဖို့ အခက်အခဲဖြစ်လာမှာတော့ အသေအချာပဲ။ စားဝတ်နေရေးလည်း အခက်တွေ့လာမယ်။ ဒါကြောင့် ဒေသခံ လိုအပ်ချက်နဲ့ အစိုးရ ထုတ်ပြန်ချက် နှစ်ဖက်တွေ့ပြီး ဆွေးနွေးဖို့တော့ လိုအပ်မယ်ထင်တယ်။” အဲဒီထုတ်ပြန်ချက်မှာ သန္တာကျောက်တွေကို ချိုးဖဲ့တာ၊ ဖျက်ဆီးတာ၊ ယူဆောင်တာ၊ တက်နင်းတာ၊ လာရောက်ကြည့်သူတွေအနေနဲ့ သတ်မှတ်နေရာမှသာ ကြည့်စေတာ၊ ကမ်းခြေအတွင်း အရက်သေစာ သောက်စားတာ၊ သန္တာကျောက်တန်း တည်ရှိရာမှာ ငါးမိုင်းခွဲတာ၊ ဆေးချတာ၊ ငါးဖမ်းတာနဲ့ ကမ်းခြေအတွင်း ခွင့်ပြုချက်မဲ့ တဲထိုးတာ၊ ဆိုင်ခန်းရောင်းချတာနဲ့ လာရောက်သူတွေအနေနဲ့ ဂေဟစနစ်မပျက်စီးဖို့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်တာ စတဲ့အချက်တွေ ပါရှိပါတယ်။  အမိန့်ထုတ်ပြန်တဲ့နေ့ကစပြီး ချိုးဖောက်မှု တစုံတရာ လုပ်ဆောင်ပါက ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ အရေးယူ ဆောင်ရွက်မှာဖြစ်သလို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒေသန္တရအမိန့် ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မာန်အောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ခရီးသွားနေတာကြောင့် ပြန်လည်ဖြေကြားချက် မရရှိခဲ့ပါဘူး။ ပြင်ကောက်ကျေးရွာ သန္တာကျောက်တန်းမှာ ခန့်မှန်း ဧက ၃ ဧကကျော် ကျယ်ဝန်းပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပင် တည်ရှိနေတာကို ဒေသခံတွေ သိရှိနေကြပေမယ့် အခုနှစ် မေလ အစပိုင်းမှ သန္တာကျောက်တန်း ဓာတ်ပုံတွေ အွန်လိုင်းပေါ် တင်လာတာကြောင့် အများပြည်သူ စိတ်ဝင်စားလာပြီး လာရောက်ကြည့်ရှုသူ နေ့စဉ် လူဦးရေ ၁၀၀ ကျော်အထိ ရောက်ရှိလာတာပါ။ ယူမင်းစိုး
10 months Ago

May 18, 2020

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသန္တရအမိန့်ထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အပန်းဖြေနေရာတွေနဲ့ ကာရာအိုကေဆိုင်တွေ ဆက်လက်ပိတ်ထားဖို့အပါအဝင် ဒေသန္တရ အမိန့်ကို  မတ်လ ၁၇ ရက်ရက်က ထုတ်ပြန်ပါတယ်။ အဲဒီအမိန့်စာမှာ တိုင်းဒေသကြီးအတွင်း အပန်းဖြေနေရာတွေ၊ ကာရာအိုကေဆိုင်တွေ၊ လူစုလူဝေးနဲ့ ပြုလုပ်ရမယ့် ပျော်ပွဲရွှင်ပွဲ၊ ဟောပြောပွဲတွေ အပါအဝင် အခမ်းအနားတွေ မလုပ်ဖို့ ဆက်လက် တားမြစ်ထားပါတယ်။  ညဈေးတန်းတွေကိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ရဲ့ ညွှန်ကြားချက်အမိန့်တွေနဲ့အညီ တစ်ဆိုင်နဲ့တစ်ဆိုင်  ခြောက်ပေအကွာခြားပြီး ဖွင့်လှစ်ခွင့်ပြုထားပါတယ်။ စားသောက်ဆိုင်တွေမှာတော့ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ဆိုင်တွေမှာ လက်ဆေးရေဇလုံ၊ Hand Gel တွေ အလွယ်တကူအသုံးပြုနိုင်ရေး ထားရှိဆောင်ရွက်ဖို့လည်း ညွှန်ကြားထားပါတယ်။ ပြည်သူတွေအနေနဲ့ နေအိမ် ပြင်ပသို့ထွက်ခွာတဲ့အခါ နှာခေါင်းစည်း Mask ကို မပျက်မကွက်တပ်ဆင်ကြဖို့နဲ့ တာဝန်ရှိသူမှအပ မည်သူမဆို နေ့စဉ် ည ၁၂ နာရီမှ မနက် ၄ နာရီ အချိန်အထိ ကျန်းမာရေးကိစ္စနဲ့ မဖြစ်မနေသွားလာတာကလွဲပြီး လုံလောက်တဲ့ အကြောင်းပြချက်မရှိဘဲ နေအိမ်ပြင်ပသို့ သွားလာလာမလုပ်ဖို့လည်း ပါရှိပါတယ်။ လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းတွေ၊ ဆေးဝါးပစ္စည်းတွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းတွေ၊ ပုဂ္ဂိလိက ဆေးရုံ၊ ဆေးခန်းတွေ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းနဲ့ Inn တွေ၊ အဝတ်အထည်ဆိုင်၊ စက်သုံးဆီဆိုင်၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ ဘဏ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ဖွင့်လှစ်ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနအားလုံးကို စစ်ဆေးရေးအဖွဲ့ရဲ့ အတည်ပြု ခွင့်ပြုချက်ရရှိမှသာ ဖွင့်လှစ်ခွင့်ရမှာဖြစ်ပါတယ်။ ကုန်စည်စီးဆင်းမှုအတွက် ဝင်ထွက်သွားလာနေတဲ့ ကုန်တင်ယာဉ်တွေ၊ ခရီးသည်သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းတွေနဲ့ ၄ ဦးထက်မပိုတဲ့ အိမ်စီးကားတွေကိုလည်း ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ပြေးဆွဲခွင့်ပြုထားပါတယ်။  Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက လာရောက်သူတွေကို နေအိမ်မှာ တည်းခို နေထိုင်ခွင့်မပြုဘဲ သတ်မှတ်ထားတဲ့ Community Based Facility Quarantine မှာ  ၂၁  ရက် နေထိုင်စေရမှာဖြစ်ပါတယ်။ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူတွေနဲ့ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက ပြန်လည်ရောက်ရှိလာသူတွေဟာ  သက်ဆိုင်ရာသို့ သတင်းပို့ရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို လုံးဝထိန်းချုပ်နိုင်ပြီလို့ သတ်မှတ် မရနိုင်သေးလို့ ပြည်သူတွေအနေနဲ့ ဖြေလျှော့မှုအပေါ် ပေါ့ဆမှုမရှိဘဲ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ COVID 19  ရောဂါကာကွယ် တားဆီးထိန်းချုပ်ရေးဆိုင်ရာ သတိပေးညွှန်ကြားချက်တွေကို ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိနဲ့ တိကျစွာ လိုက်နာဆောင်ရွက်ဖို့  ထုတ်ပြန်လိုက်တာပါ။ အဆိုပါ ဒေသန္တရအမိန့်ဟာ မေလ ၁၈ ရက် မနက် ၅ နာရီကနေ  မေလ  ၃၁  ရက် ည ၁၂  နာရီအထိ အကျုံးဝင်တယ်လို့ သိရပါတယ်။ သတင်း- မင်းရဲစစ်နိုင်
11 months Ago
Up