ဒေသန္တရအမိန့်

A d v e r t i s e m e n t With Us

July 20, 2020

ဒေသန္တရအမိန့် လိုက်နာကြရန် မွန်ပြည်နယ် နယ်လုံဝန်ကြီး သတိပေး

ရေတံခွန်နဲ့ အပန်းဖြေစခန်း သွားရောက်လည်ပတ်တာနဲ့ပတ်သက်ပြီး ဥပဒေအတိုင်း ကိုင်တွယ်လို့ ရတာကြောင့် ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်တွေကို ပြည်သူတွေ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် လိုက်နာကြဖို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက သတိပေးပြောဆိုလိုက်ပါတယ်။  မွန်ပြည်နယ်မှာတော့ ရေတံခွန်နဲ့ အပန်ဖြေစခန်းတွေဟာ ၁၀ ခုထက်မနည်း ရှိနေတာပါ။ အဲဒီရေတံခွန်နဲ့ အပန်းဖြေစခန်းတွေကို အစိုးရက ကိုဗစ်-၁၉ ရောဂါ လူစုလူဝေးမဖြစ်အောင် ဇူလိုင် ၃၁ ရက်နေ့အထိ ပိတ်ထားပေမဲ့ လာရောက် လည်ပတ်သူတွေ နေ့စဉ်နဲ့အမျှ ရှိနေတာပါ။   ဒါကြောင့် အခုလို ရေတံခွန်နဲ့ အပန်းဖြေစခန်း သွားရောက်လည်ပတ်တဲ့ ကိစ္စရပ်တွေကို ဥပဒေအတိုင်း ကိုင်တွယ်လို့ရတဲ့အတွက်ကြောင့် ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်တွေကို လိုက်နာကြဖို့ လိုတယ်လို့ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ ရေတံခွန်နဲ့ အပန်းဖြေစခန်းတွေကို  ဖွင့်လှစ်တာတွေ မလုပ်ဖို့လည်း သက်ဆိုင်ရာမြို့နယ်အဆင့်အထိ ထပ်ဆင့်ညွှန်ကြားစာတွေ ထုတ်ပြန်ထားတာပါ။ ဒီရေတံခွန်နဲ့ အပန်ဖြေစခန်းတွေကို စနေနေ့၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ အများဆုံး လာရောက် လည်ပတ်ကြတာဖြစ်ပြီး လာရောက်သူ အများစုဟာ ပိတ်ထားတဲ့ကြားက ခြံကျော်ပြီး  လည်ပတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီရေတံခွန်နဲ့ အပန်းဖြေစခန်းတွေဆီ လာရောက် လည်ပတ်နေမှုကို လူစုလူဝေးမဖြစ်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်နေတဲ့အပြင် တားမြစ်ကန့်သတ်ချက်တွေကို ရပ်ကျေးအဆင့်အထိ ဖြန့်ဝေပေးထားတယ်လို့ ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောပါတယ်။ အခုလို ရေတံခွန်နဲ့ အပန်းဖြေစခန်းတွေကို လာရောက် လည်ပတ်ချိန်ကာလတွေအတွင်း ဇူလိုင် ၁၉ ရက်က မုဒုံမြို့နယ် ဂျုံးဂျုံးကျ ရေတံခွန်မှာ လူငယ် ၁ ဦး ရေနစ် သေဆုံးခဲ့ပါသေးတယ်။ လက်ရှိ အခြေအနေမှာ ကိုဗစ်-၁၉ ရောဂါဟာ ထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့အတွက်ကြောင့် နေအိမ်အပြင်ထွက်ဖို့ မလိုအပ်တဲ့သူတွေအနေနဲ့ အပြင်မထွက်ဘဲကြဖို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။  ဇော်လွင်ထွဋ်
7 months Ago

May 16, 2020

မွန်ပြည်နယ်တဝန်းလုံး မဖြစ်မနေ  Mask တပ်ရန် ဒေသန္တရအမိန့် ထုတ်ပြန်တော့မည် 

မွန်ပြည်နယ်မှာ COVID-19 ရောဂါကို ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ Mask မဖြစ်မနေ တပ်ဖို့ ဒေသန္တရအမိန့်ကို ရက်ပိုင်းအတွင်း ထုတ်ပြန်တော့မှာဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်ရင် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သန်းဝင်းက ပြောပါတယ်။  မွန်ပြည်နယ်မှာ COVID-19 ရောဂါ မကူးစက်ရအောင် Mask မတပ်တဲ့သူတွေကို အရေးယူသွားဖို့ စတင် ပြင်ဆင်နေပြီး လက်ရှိမှာတော့ စည်ပင်သာယာစျေးတွေမှာ Mask မတပ်ရင် ပေးမဝင်တဲ့ စနစ်ကို စတင်ကျင့်သုံးနေပါတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးနဲ့ မိသားစုဝင်တွေ Mask တပ်ဖို့ ညွှန်ကြားထားတာပါ။ အခုလို Mask တပ်ဖို့ အစိုးရက ဒေသန္တရအမိန့် ထုတ်ပြန်မယ့်အပေါ် ကြိုဆိုပေမယ့် အရေးယူမှုအပိုင်းကိုတော့ ထိထိရောက်ရောက် ကိုင်တွယ်စေချင်တယ်လို့ သထုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။ လက်ရှိမှာတော့ Mask တပ်ပြီး သုံးတဲ့ အလေ့အကျင့် မရှိတဲ့အတွက်ကြောင့် မကြာခဏ ချွတ်ပစ်တာတွေ ရှိနေတဲ့အပြင်  စနစ်တကျ သုံးစွဲရမယ့်အပေါ်  သိရှိအားနည်းနေသေးတယ်လို့  မေတ္တာဆုံဆည်းအရပ်ဘက်အဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါ်သီသီနွယ်က ပြောပါတယ်။ တိုင်းနဲ့ ပြည်နယ်တချို့မှာတော့ COVID-19 ရောဂါကြောင့် Mask မတပ်တဲ့သူတွေကို ဒဏ်ငွေရိုက် အရေးယူတာတွေ စတင်ဆောင်ရွက်နေပါတယ်။
10 months Ago
More News
Up