ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးနေရ

September 20, 2021

မင်းကင်းမြို့နယ် အရှေ့ဘက်ခြမ်းကျေးရွာ ၁၁ ရွာက ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးနေရ

မင်းကင်းမြို့ရဲ့အောက်ဘက် ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာ ၁၀ ရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၆ ရက်နေ့ကစတင်ပြီး အကြမ်းဖက်ရှာဖွေဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံပြည်သူထောင်နဲ့ချီ‌‌ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ မင်းကင်းမြို့နယ် ဒေသခံတွေဆီက သိရပါတယ်။

ထန်ပင်ချောင်ရွာသားတစ်ဦးက “စစ်ကောင်စီတပ်အင်အား အများအပြားနဲ့ တပ်ဖြန့်ရှာဖွေ နေတာတွေ စက်တင်ဘာ ၁၆ ရက်နေ့ကတည်းက ဒီကောင်တွေလုပ်နေကြတာဗျ။ မိုးကလည်း နေ့တိုင်းရွာနေတာဆိုတော့ အသက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကလေးငယ်တွေ ရဲ့ ကျန်းမာရေး စိုးရိမ်ရတယ်ဗျ။ ဘာရှာဖွေတာလဲဆိုတော့ နယ်မြေရှင်းလင်းရေး အကြောင်းပြပြီး ကျနော်တို့ ဒေသခံတွေရဲ့ ဥစ္စာပစ္စည်းတွေ ခိုးဆိုးလုယက်ဓားမြတိုက်နေတာလို့ ပြောလို့ရတယ်။ ဒီကောင်တွေ ရသမျှပစ္စည်း အကုန်ယူတယ်” လို့ ပြောပါတယ်။

မင်းကင်းမြို့နယ် မောက္ကတော်‌ကျေးရွာမှာ အကြမ်းဖက်စစ်တပ်အဖွဲ့က ပစ္စည်းတွေ သယ်ယူ တာတွေ လုပ်ခဲ့သလို ထန်းပင်ချောင်ကျေးရွာက နေအိမ် ၁၀ လုံးကို တံခါးတွေဖျက်ဝင်ပြီး ရှာဖွေတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

စစ်ကောင်စီကဝင်းရောက်ရှာဖွေတာတွေ လုပ်နေတာကြောင့် မောက္ကတော်ကျေးရွာ၊ ယား၊ စနဗျင်း၊ ရှဲ၊ အင်ပင်လှ၊ ပျဉ်းတော၊ ထန်းပင်ချောင်း၊ နှင်းကြီး၊ လက်ချိတ်၊ ငအုံးနဲ့ လက်ပံဆိပ်မတော စတဲ့‌ ကျေးရွာ ၁၁ ရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

4 weeks Ago
Up