ဒေသခံများကယ်ခွင့်မရ

March 2, 2021

သတင်းထောက်ကိုအောင်ကျော်အား ဖမ်းဆီးစဉ် ရဲနှင့်စစ်တပ်ပိတ်ဆို့ထားသဖြင့် ကယ်ခွင့်မရဟု ဒေသခံများပြော

DVB

မနေ့ညက မြိတ်မြို့ အခြေစိုက် ဒီဗွီဘီသတင်းထောက်ကို ရဲနဲ့ စစ်တပ်က အင်အားအလွန်အကျွန်သုံး အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးခဲ့တာကို ဘေးပတ်ဝန်းကျင် ဒေသခံတွေ ကူညီဖို့ အခွင့်မသာခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ည ၁၀ နာရီခွဲလောက်မှာ မြိတ်မြို့ ထားဝယ်စုရပ်ကွက်မှာရှိတဲ့ နေအိမ်ကို အကြမ်းဖက် ဝင်ရောက်ခဲ့ချိန်မှာ သတင်းထောက်က သတင်းဌာနဖေ့စ်ဘွတ်ခ်ကနေ လိုက်ဖ်လွှင့်ခဲ့ပါသေးတယ်။

“ထားဝယ်စု မီးသတ်ကိုသူတို့က ဝင်စီးထားတယ်။ အဲမီးသတ်က မြိတ်မှာ အကြီးဆုံးပဲ။ လမ်းတွေကိုလည်း ပိတ်ထားတယ်။ အဲဒီလမ်းက ဆိုင်တွေများပြီး လူနေနည်းတော့ တခြားရပ်ကွက်က လူတွေသွားဖို့ကြိုးစားတယ်။ ၃ ရပ်ကွက်ကျော်ကတောင် သွားလို့ မရဘူး။ လမ်းထိပ်တွေမှာ ရဲနဲ့ စစ်သားတွေ စောင့်ပိတ်ထားတယ်။ အဲအချိန်တုန်းက သွားခဲ့သူတချို့ ဆိုင်ကယ်ရော လူရော ဆွဲတင်သွားတယ်လို့ ကြားတယ်။ ဒီနေ့ သေချာတော့ သတင်းမရသေးဘူး” လို့ ပြောပါတယ်။

ရဲနဲ့ စစ်သားတွေဟာ သတင်းထောက် ကိုအောင်ကျော်ရဲ့ စစ်ကား ၆ စီး ၇ စီးလောက်နဲ့ရောက်လာပြီး  အိမ်ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်တာ၊ သေနတ်ပစ်ဖောက် ခြိမ်း‌ခြောက်ခဲ့သလို အိမ်တံခါးတွေကိုရော လုံခြုံရေး ကင်မရာကိုပါ ဖျက်ဆီးဝင်ရောက် အကြမ်းဖက် ဖမ်းဆီးခဲ့တာပါ။

မြိတ်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်သူတွေကို မနေ့က စစ်တပ်နဲ့ရဲက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး အိမ်တွေကိုလည်း ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။

ဒီနေ့မှာတော့ နေရာအနှံ့ လမ်းတွေမှာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပုံတွေကပ်ထားသလို ရပ်ကွက်အလိုက်၊ လမ်းအလိုက် ဆန္ဒပြခဲ့ကြပါတယ်။ 

“ဒီနေ့က နေရာတိုင်းမှာ ဆန္ဒပြကြတယ်။ သတင်းထောက်ကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုကြတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ကိုအောင်ကျော်ကို အခုအချိန်အထိ ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးသလို  မြိတ်မြို့နယ်မြေ ရဲစခန်းမှာ မိသားစုက လူပျောက်တိုင်ကြားရာမှာလည်း ရဲတပ်ဖွဲ့က  အမှုလက်ခံမခံဘဲ ငြင်းပယ်ခဲ့ပါတယ်။

9 months Ago
Up