ဒေသခံပြည်သူ

June 12, 2021

ဒီးမော့ဆိုတွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူသောင်းချီ ထွက်ပြေး

မြန်မာအကြမ်းဖက်စစ်တပ်ဟာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ လက်နက်မဲ့ အရပ်သားပြည်သူတွေကို ပစ်ခတ်နေလို့  ရွာသား ၁၀၀၀၀ ကျော် အိုးစွန့်အိမ်စွန့် ထွက်ပြေးနေရပါတယ်။

စစ်ကောင်စီရဲ့တပ်တွေက  ဇွန်လ ၁၁ ရက် နေ့ခင်းပိုင်းလောက်ကတည်းက စပြီး အမြောက်တွေနဲ့ပါ ပစ်ခတ်နေလို့ ပြည်သူတွေ တနေရာပြီး တနေရာ ပြောင်းရွှေ့ထွက်ပြေးနေရတယ်လို့ ဒေသခံ ကျောင်းဆရာတစ်ဦးက Nikkei Asia သတင်းဌာနကို ပြောကြားပါတယ်။

“ဒီမှာအင်တာနက်တွေလည်းဖြတ်ထားတယ်။ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ အဲ့ဒီကျောင်းဆရာက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကယားပြည်နယ်မှာ ခုလိုဆက်ပြီး ပစ်ခတ်တိုက်ခိုက်နေမယ်ဆိုရင် ပြေးဖို့တောင်လမ်းမရှိတော့ဘူးလို့  စစ်ဘေးရှောင်ပြည်သူတစ်ဦးက  ဒီဗွီဘီကို ပြောပါတယ်။

စစ်ရှောင်အမျိုးသမီးတစ်ဦးကလည်း “လေယာဉ်ကိုတွေ့တာနဲ့ ကျမကြောက်လွန်းလို့ ဒီဘက်ကို ထပ်ပြီးပြေးလာရတယ်။ သူတို့က ပြည်သူမှန်းမသိတော့ဘူး။ လူမှန်းမသိတော့ဘူး။”လို့ ပြောပါတယ်။

ဇွန်လ ၁၁ ရက်မွန်းလွဲပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့  ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ ဦးနဲ့ PDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးသွားပြီး  ၂ ဦး ဒဏ်ရာ အပြင်းထန်ရ ရှိခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။

လတ်တလောပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်  ကယားပြည်နယ်မှာတစ်ခုလုံးမှာ  စစ်ဘေးရှောင် အရေအတွက် သိန်းချီရှိလာနေပြီး  သူတို့တွေရဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာနေစရာ  အခက်အခဲနဲ့ လိုအပ်ချက်တွေလည်း ကြီးကြီးမားမားရှိနေပါတယ်။ 

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့နယ်မှာတော့  စစ်ဘေးရှောင်ပြည်သူတွေအတွက်  အလှူရှင်တွေထံမှ ပေးပို့လှူဒါန်းတဲ့  ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကို  ဇွန်လ ၁၀ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွေက မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂက ထုတ်ပြန်ပါတယ်။ 

PhotoCredit-KNDF

2 days Ago

June 28, 2020

ချောက်တွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော ဧက ၆၇၀၀ ကျော် လုပ်ကိုင်ခွင့်ပြု

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းရှိ ကြိုးပြင်ကာကွယ်တောများက မြေဧက ၆၇၀၀ ကျော်ကို ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအဖြစ် လုပ်ကိုင်ခွင့် ချပေးလိုက်ပြီး သစ်ပင်မျိုးပေါင်း ၁၄ မျိုး၊ စုစုပေါင်း သစ်ပင် ၃ သိန်းလောက် စိုက်ပျိုးထားတယ်လို့  မြို့နယ် သစ်တောဦးစီးမှူး ဦးဟန်မင်းထွန်းက ပြောပါတယ်။ ၂၀၀၅ ခုနှစ်က ဆင်ကကျေးရွာ ဒေသခံ ဦးဌေးဝင်းပါ ၅ ဦးကို ဆင်ကကြိုးပြင်ကာကွယ်တောမှာ စိုက်ခင်းဧက ၅၀ နဲ့ သဘာဝတော ၂၅ ဧက စုစုပေါင်း ၇၅ ဧကကို စတင်ကာ အစုအဖွဲ့ပိုင် သစ်တောအဖြစ် စတင်ချထားပေးခဲ့တာပါ။ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ရဲ့ ကူညီပံ့ပိုးမှုနဲ့ ၂၀၁၉ ခုနှစ်မှာ ချောက်မြို့နယ် ကျေးရွာ ၁၆ ရွာမှ အစုအဖွဲ့ ၁၆ ဖွဲ့ရှိ လူဦးရေ ၁၇၆၁ ဦးက ဆင်ကကြိုးပြင်ကာကွယ်တောမှ ဧက ၄၀၀ နဲ့ ပုပ္ပကန်ကြိုးပြင်ကာကွာတောမှ ၆၂၅၁ ဒသမ ၆၆ ဧကကို လျှောက်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။ ချောက်မြို့နယ်အတွင်းမှာ လက်ရှိ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော စိုက်ခင်းဧက ၆၈၆ ဒသမ ၂၀ နဲ့ သဘာဝတောဧက ၆၀၄၀ ဒသမ ၄၆ ဧက၊ စုစုပေါင်း ၆၇၂၆ ဒသမ ၆၆ ဧက ချထားပေးခဲ့တယ်လို့ ဦးဟန်မင်းက ပြောပါတယ်။ “CF (ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော) ပိုင်းမှာ အဓိက တောပြတ်တဲ့နေရာ၊ သဘာဝအတိုင်း သစ်ပင်မျိုးဆက်ကို မဆက်နိုင်တဲ့နေရာတွေကို ဦးစားပေး ချထားတာပါ” လို့ ချောက်မြို့နယ် သစ်တောဦးစီးမှူး ဦးဟန်မင်းထွန်းက ​ပြောပါတယ်။ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာဖြစ်သော ပဲတိုးချောင်း၊ ကူဖြူ၊ ကြန့်ကန်၊ ဆင်က၊ သလုံး‌သွေး၊ နလင်ကန်(အရှေ့)၊ သန်းကုန်း၊ မြင်းကြိမ်လုံး၊ မကျီးပင်စု၊ နတ်စင်ကန်၊ ညောင်ဇင်၊ ပုပ္ပကန်၊ မှတ်ကြီးဖုန်း၊ လေးပင်ကုန်း၊ ကျောက်ရဲ(ရွာသစ်)၊ အေးရွာ၊ တပ်ကန်ကျေးရွာတို့က အစုအဖွဲ့ ၁၇ ဖွဲ့က ဒေသခံပြည်သူ ၁၇၆၆ ဦးကို ပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ကိုင်ခွင့် ချထားပေးခဲ့တာပါ။ ဒေသခံပြည်သူ အစုအဖွဲ့ ၁၇ ဖွဲ့ပိုင် သစ်တော ၆၇၂၆ ဧကမှာ မယ်ဇလီ၊ တမာ၊ ရှား၊ ယင်းမာ၊ ကုက္ကိုလ်၊ ကျွန်း၊ ဒဟက်၊ ဇီး၊ ပန်းချယ်ရီ၊ ထနောင်၊ ယူကလစ်၊ လျော်ဖြူ၊ ဘောစကိုင်း၊ မန်းကျည်း စတဲ့ ဒေသနဲ့ကိုက်ညီတဲ့ သစ်ပင်မျိုးပေါင်း ၁၄ မျိုး၊ စုစုပေါင်း သစ်ပင် နှစ်သိန်းကိုးသောင်းနှစ်ထောင် ပင်ကျော် စိုက်ပျိုးထားတယ်လို့ သိရပါတယ်။ အသစ်လျှောက်ချင်တဲ့သူတွေအနေနဲ့ စစချင်း User Group အသုံးပြုသူများအဖွဲ့ ဖွဲ့ပြီး အနည်းဆုံး အဖွဲ့ဝင် ၅ ဦးပါတဲ့ အုပ်ချုပ်လုပ်ကိုင်မှုကော်မတီဖွဲ့ရမယ်လို့ ချောက်မြို့နယ် သစ်တောဦးစီးမှူး ဦးဟန်မင်းထွန်းက ရှင်းပြ​ပါတယ်။ “ဖွဲ့ပြီးတော့ အဖွဲ့ရဲ့ ဥက္ကဋ္ဌကနေ၊ မြို့နယ်သစ်တောကနေ၊ ခရိုင်သစ်တောအရာရှိဆီကို လျောက်လွှာတင်ရမှာ။ ကျနော်တို့က ကွင်းဆင်းပြီးတော့ ဒီမှာ ဘယ်လောက်ရှိတယ်၊ အတည်ပြုပြီးတော့ အုပ်ချုပ်လုပ်ကိုင်သူ စီမံချက်ရေးဆွဲရပြီး ပြန်တင်ရတယ်၊ ချထားခွင့်ရရှိမှသာ စိုက်ပျိုးလုပ်ကိုင်ခွင့်ရမှာ။”  အင်ကြင်းဖုန်းကျေးရွာနဲ့ အိုးဖိုကျေးရွာတို့မှ ဒေသခံအစုအဖွဲ့ နှစ်ဖွဲ့မှ အစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခွင့်ပြုဖို့ တင်ပြထားကြောင်း၊ အင်ကြင်းဖုန်း အစုအဖွဲ့က ဧက ၂၀၀ နဲ့ အိုးဖို အစုအဖွဲ့က ဧက ၁၀ ဖြစ်တယ်လို့ သိရပါတယ်။ ချောက်မြို့နယ်မှာ သစ်တောကြိုးပြင်ကာကွယ်‌တော သုံးခုရှိပြီး တောင်ကြီးတွင်း ကြိုးပြင်ကာကွယ်တော ၁၆၁၀ ဧက၊ ခင်ကြီးဆင့် ကြိုးပြင်ကာကွယ်တော ၂၆၇ ဧက၊ စွယ်ပေါက်ကန် ကြိုးပြင်ကာကွယ်တော ၈၂၉ ဧက တစ်မြို့နယ်လုံး စုစုပေါင်း ကြိုးပြင်ကာကွယ်တော ၂၇၀၆ ဧက ရှိကြောင်း သစ်တောဦးစီးမှူးရုံးက သိရပါတယ်။ ကိုလင်း(ချောက်)
12 months Ago
Up