ဒူးရင်းပွဲရုံပိုင်ရှင်

March 4, 2019

လက်ဖွဲ့ငွေ ဘတ် ၁၀ သန်းပေးမည့် သမက်အလိုရှိကြောင်း ကြော်ငြာ ရေပန်းစား

ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင် ဒူးရင်းသီးပွဲရုံပိုင်ရှင် သူဌေးတဦးဟာ သမီးထွေးအတွက် ခင်ပွန်းလောင်း အလိုရှိကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် อานนท์ รถทอง ကနေ ကြော်ငြာခဲ့ပါတယ်။ အသက် ၂၆ နှစ်ရွယ် သမီးထွေးရဲ့ ခင်ပွန်းလောင်းဟာ ၁။ စာရေးတတ်ဖတ်တတ်ရုံ၊  နံရံမှာချိတ်ဖို့ ဘွဲ့လက်မှတ်ရှိရန်မလို၊ ၂။ မပျင်းရိဘဲ အလုပ်ကြိုးစားသူ၊ သည်းခံစိတ်ရှိသူ၊ ၃။  ချွေတာသုံးစွဲတတ်သူ၊ ဒူးရင်းသီးလုပ်ငန်းကို စိတ်ပါဝင်စားသူ ဖြစ်ရမှာဖြစ်ပြီး သတို့သမီးတင်တောင်းခ မလိုကြောင်း၊ လုပ်ကိုင်စားသောက်ဖို့အတွက် အရင်းအနှီး ဘတ် ၁၀ သန်း လက်ဖွဲ့မှာဖြစ်ပြီး မလောက်ငရင် ထပ်တောင်းနိုင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ ညသန်းခေါင်က တင်ထားခဲ့တဲ့ အဲဒီပို့စ်ဟာ ဒီကနေ့ဆိုရင် နှစ်သက်သူပေါင်း ၁ သိန်းကျော်၊ ကွန်းမန့်ပေါင်း ၇ သောင်းကျော်၊ ပြန်ရှဲလ်သူပေါင်း ၄ သောင်း ၆ ထောင်ထိရှိပြီး လူပျိုပေါင်းများစွာကလည်း သူတို့ဓာတ်ပုံတွေကို ကွန်းမန့်ကနေ ပေးပို့ခဲ့ကြပါတယ်။ ရေပန်းစားလှတဲ့ အဲဒီပို့စ်ပိုင်ရှင်ကို ထိုင်းရတ်သတင်းဌာနက စုံစမ်းမေးမြန်းရာမှာတော့ ပို့စ်ပိုင်ရှင်ဟာ ချွန်းဖွန်းခရိုင် လန်ဆွန်မြို့နယ်က အသက် ၅၈ နှစ်ရွယ်ရှိ အာနွန်း ရုတ်ထောင်န်း  ဆိုသူ ဒူးရင်းသီးပွဲရုံပိုင်ရှင် သူဌေးတဦးဖြစ်ကြောင်း၊ သူ့မှာ သား ၂ ယောက် သမီး ၂ ယောက်ရှိပြီး အထွေးဆုံးသမီးကို အိမ်ထောင်ရက်သား ချပေးလိုကြောင်း၊ သူဟာ အသက်ကြီးပြီး စီးပွားရေးလုပ်ငန်းက အရှိန်ကောင်းနေလို့ ဒီအလုပ်ကို ဆက်ခံမယ့်သမက်ကို အလိုရှိကြောင်း၊ သူအလိုရှိတဲ့ သမက်ဟာ မိဘချမ်းသာရန်မလို၊ ဘွဲ့ရရန်မလို၊ စီးပွားရေးလုပ်ကိုင်လိုပေမယ့် အခွင့်အလမ်းမရှိသူဖြစ်ပြီး လောင်းကစားကင်းသူ၊ ရိုးသားကြိုးစားသူ၊ သမီးကို တကယ်မေတ္တာရှိတဲ့သူပဲ ဖြစ်ရမယ်လို့ သတင်းထောက်ကို ပြောပါတယ်။ လျှောက်ထားသူတွေအနေနဲ့ သူတို့ဒူးရင်းသီးပွဲရုံမှာ လာရောက်လုပ်ကိုင်ပြီး သမီးကို ပိုးပန်းရမှာဖြစ်ကြောင်း၊ သမီးက သဘောကျတယ်ဆိုရင် သတို့သမီး တင်တောင်းကြေးမလိုဘဲ မင်္ဂလာဆောင်ပေးမယ့်အပြင် ရင်းနှီးဖို့ ဘတ်ငွေ ၁၀ သန်းနဲ့ ကား ၁၀ စီး လက်ဖွဲ့ပေးမယ်လို့ ဆိုပါတယ်။ သမီးဖြစ်သူ ပွီ ခေါ် ကန်ဆီဒါ ရုတ်ထောင်န်းကလည်း အစပိုင်းမှာ ဖခင်ဖြစ်သူက နောက်ပြောင်ကျီစယ်တဲ့ အနေနဲ့ အဲဒီပို့စ်ကို တင်လိုက်တာလို့ထင်ကြောင်း၊ နောက်တော့ တကယ်ပဲ သူ့အတွက် ခင်ပွန်းလောင်းရှာပေးတာမို့ သူ့အနေနဲ့လည်း သဘောတူကြောင်း၊ သူနှစ်သက်တဲ့ အမျိုးသားဟာ ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ စံမထားဘဲ အသားဖြူသည်ဖြစ်စေ၊ မည်းသည်ဖြစ်စေ သူမအစ်ကိုလို အလုပ်ကြိုးစားပြီး ဇနီးကိုချစ်တတ်သူဖြစ်ရင် ရပြီလို့ သတင်းထောက်ကို ပြောပါတယ်။ သမက်အလိုရှိသူ သူဌေးမှာ ဒူးရင်းသီးရောင်းဝယ်ရေးလုပ်ငန်းကို အနှစ် ၄၀ ကျော် လုပ်ကိုင်ခဲ့ပြီး လက်ရှိ ချွန်းဖွန်း၊ ကျန်ထပူရီနဲ့ ယလားခရိုင် ၃ ခုက ထွက်ရှိတဲ့ ဒူးရင်းသီးတွေကို နေ့စဉ် တန်ချိန်ပေါင်း ၅၀ မှ ၆၀ ထိ ဒိုင်ခံဝယ်ယူကာ ဘန်ကောက်နဲ့တကွ တနိုင်ငံလုံးကို ပို့ဆောင်ဖြန့်ဖြူးပေးနေကြောင်း၊ မြေကွက်ပေါင်းများစွာ ပိုင်ဆိုင်သူတဦးလည်း ဖြစ်တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up