ဒူဘိုင်း ကမ္ဘာ့အမြင့်ဆုံးမျှော်စင် နှစ်သစ်ကူး မီးပန်းပြကွက်

January 1, 2016

ဒူဘိုင်း ကမ္ဘာ့အမြင့်ဆုံးမျှော်စင် နှစ်သစ်ကူး မီးပန်းပြကွက် (ရုပ်သံ)

မီးလောင်ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပေမယ့် အာရပ်စော်ဘွားများပြည်ထောင်စုက ဒူဘိုင်းမြို့မှာရှိတဲ့ ကမ္ဘာ့အမြင့်ဆုံးမျှော်စင် ဘာ့ခ်ျ ခါလီဖာက နှစ်သစ်ကူး မီးပန်းပြကွက်တွေကို ဆက်ပြခဲ့ပါတယ်။ အနားက ၆၃ ထပ်မြင့်တဲ့ ဟိုတယ်နဲ့ တိုက်ခန်းတွဲမှာ မီးက ဇန်န၀ါရီ ၁ ရက်နေ့ မနက်ထိ လောင်နေခဲ့တာပါ။ လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး အသေးစား ဒဏ်ရာရမှုတွေသာ ရှိလို့ အာဏာပိုင်တွေက ပွဲကို ဆက်လုပ်ခဲ့တယ်လို့ အစီရင်ခံထားပါတယ်။ ဒူဘိုင်းအစိုးရမီဒီယာ အရာရှိတွေက မီးတောက်ကို ၉၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပြီးပြီလို့ ပြောပါတယ်။ ဟိုတယ်ထဲကလူတွေ အကုန်လုံးကို ဘေးကင်းရာ ကယ်ထုတ်ခဲ့ပြီး လူ ၁၄ ဦး အသေးစား ဒဏ်ရာရတယ်လို့ ရဲချုပ် ဗိုလ်ချုပ်ကြီး ခါမစ် မာတာက အယ်လ် အာရေးဗီးယား ရုပ်သံကို ပြောပါတယ်။ မီးလောင်တဲ့နေရာမှာ မီးသတ်တပ်ဖွဲ့ ၄ ဖွဲ့နဲ့ ငြှိမ်းသတ်ခဲ့ပါတယ်။ မီးရှူးမီးပန်းပွဲကိုလာတဲ့ မျက်မြင်သက်သေတွေကတော့ ပေါက်ကွဲမှုနဲ့ မီးတွေကြောင့် ကြောက်လန့်ခဲ့ကြတယ်လို့ ပြောပါတယ်။ မီးက အထပ် ၂၀ မှာ စလောင်တာဖြစ်ပြီး ဟိုတယ်အထဲမှာ မီးဆက်လောင်တာကို တားဖို့ အတွင်းပိုင်း မီးသတ်စနစ်ကို လုပ်ဆောင်နေတယ်လို့ ဒူဘိုင်း မီဒီယာရုံးက ပြောပါတယ်။ ဒူဘိုင်းဟာ အာရပ်ပင်လယ်ကွေ့ဒေသရဲ့ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှု အချက်အချာ ဖြစ်ပါတယ်။
6 years Ago
Up