မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ဒူဘိုင်းခရီးစဉ်အတွင်း ကစားသမားတွေကို အပြင်ထွက်ခွင့် ပိတ်ပင်ထားတယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်ဖြစ်တဲ့ ရက်ဒင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရအပြီးမှာပဲ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ကို သွားရောက်လေ့ကျင့်နေတာ ဖြစ်ပါတယ်။
မန်ယူအသင်းက စပိန်ကွင်းလယ်ကစားသမား မာတာနဲ့ ဂိုးသမား ဒီဂီယာတို့ နှစ်ဦးကတော့ ဟိုတယ်အတွင်းမှာပဲ စားပွဲတင်တင်းနစ် ကစားနေခဲ့ကြပါတယ်။
ဂိုးသမား ဒီဂီယာ၊ ဂိုးနည်းပြ အယ်ဗာရက်ဇ်၊ နောက်ခံလူ အဲရစ်ဘိုင်ယီ၊ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ မာတာနဲ့ ဟာရဲယားတို့ဟာ စားသောက်ဆိုင်တခုမှာ အတူဓာတ်ပုံရိုက်ခဲ့တဲ့ ပုံကိုလည်း “စပိန်နဲ့ အိုင်ဗရီကို့စ်တပ်မတော်” ဆိုပြီး ဟာရဲယားက အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။
ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ဒူဘိုင်းကို သွားရောက်လေ့ကျင့်တာဟာ တနင်္ဂနွေနေ့မှာ ကစားရမယ့် စပါးနဲ့ပွဲအတွက်တင်မဟုတ်ဘဲ တရာသီလုံး ကစားရမယ့်ပွဲစဉ်တွေ အတွက်လည်း ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
ယူနိုက်တက်အသင်းသားတွေဟာ ဒူဘိုင်းမှာ ၄ ရက်ကြာ လေ့ကျင့်မှာဖြစ်ပြီး စပါးနဲ့ပွဲအမီ အင်္ဂလန်ကို ပြန်လာကြမှာဖြစ်ပါတယ်။
4 years Ago