ဒူတာတေ

July 23, 2019

တရုတ်နှင့် ဆက်ဆံရေးကို ကာကွယ်ပြောဆိုခဲ့သည့် ဖိလစ်ပိုင်သမ္မတအား လူထောင်ချီ ဆန္ဒပြ

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေက တရုတ်နဲ့ဆက်ဆံရေးကို ကာကွယ်ပြောဆိုအပြီး ဖိလစ်ပိုင်မြို့တော် မနီလာက လမ်းတွေပေါ်မှာ ဇူလိုင် ၂၂ ရက်က လူထောင်ချီ ဆန္ဒပြနေကြပါတယ်။ တရုတ်က ပင်လယ်ပိုင်နက်ကိစ္စ အခိုင်အမာ ပြောနေတာကို စိန်ခေါ်ဖို့ ငြင်းတာဟာ အလျှော့ပေးတာမဟုတ်ဘဲ ပဋိပက္ခကို ရှောင်ရှားတာသာ ဖြစ်တယ်လို့ ဒူတာတေက ပြောပါတယ်။ နှစ်စဉ်ပြောနေကျ နိုင်ငံတော်အခြေအနေပြ မိန့်ခွန်းအတွင်း ဒူတာတေက အင်အား အဆမတန် သာလွန်တဲ့ စစ်တပ်နဲ့ ရေပိုင်နက်တခုတည်းကို ပိုင်ကြောင်း ထိပ်တိုက်တွေ့ပြီး ပြောနေတာဟာ အသိတရား ကင်းမဲ့ရာကျတယ်လို့ ဒူတာတေက ငြင်းခုန်ပြောဆိုပါတယ်။ တရုတ်အပေါ် အစိုးရရဲ့ ရပ်တည်ချက်နဲ့ မူးယစ်စစ်ပွဲတို့ကို မကျေနပ်လို့ ဆန္ဒပြသူ အယောက် ၃၀၀၀ လောက် အစိုးရကို ပြစ်တင်ရှုတ်ချရင်း လမ်းတွေပေါ်မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ တရုတ်အလံတွေ၊ သေနတ်တွေနဲ့ တန်ဆာဆင်ထားတဲ့ ဒူတာတေပုံတူ အရုပ်ကိုလည်း ဆန္ဒပြသူတွေက မီးရှို့ခဲ့ကြပါတယ်။ ဒူတာတေဟာ အကောင်အထည် မပေါ်သေးတဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် တိုင်းပြည်ရဲ့ အချုပ်အခြာကို လောင်းကြေးထပ် ကစားတယ်လို့ ဝေဖန်သူတွေက စွပ်စွဲပါတယ်။ မူးယစ်ဆေးဝါး နှိမ်နင်းမှုအတွင်း ရဲတွေသတ်လို့ လူထောင်ချီ သေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဇူလိုင် ၁၁ ရက်မှာ ဆုံးဖြတ်ခဲ့ပေမယ့် ဒူတာတေကတော့ သူ့ရဲ့ မူးယစ်စစ်ပွဲအတွက် နောက်ထပ် အကိုးအကားတွေကို ထုတ်ပြခဲ့ပါတယ်။ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးရဲ့ ကနဦး စစ်ဆေးမှုကိုလည်း သရော်လှောင်ပြောင်ရင်း စစ်ဆေးမေးမြန်းရာမှာ လေအေးပေးစက် အကျဉ်းခန်းတွေ၊ ကန့်သတ်မဲ့ လာရောက် လည်ပတ်ခွင့်တွေ အပါအဝင် အခြေအနေ တချို့အတွက် သဘောတူပေးကောင်း ပေးမယ်လို့ သရော်ပြောဆိုခဲ့ပါတယ်။
2 years Ago

June 5, 2018

လူပုံအလယ် အလုပ်သမလေးတဦးနှင့် အနမ်းပေးခဲ့သည့် ဒူတာတေရုပ်သံ ဝေဖန်မှုမြင့်တက်

ဖိလစ်ပိုင်သမ္မတ ဒူတာတေဟာ လူပုံအလယ်မှာ အလုပ်သမလေးတဦးနဲ့ အနမ်းပေးခဲ့ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပြီးနောက်မှာ ဝေဖန်ခံနေရတယ်လို့ ဘီဘီစီ သတင်းမှာ ဇွန်လ ၄ ရက်နေ့က ဖော်ပြပါတယ်။ သူဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ကျင်းပတဲ့ နိုင်ငံခြားရောက် ဖိလစ်ပိုင်အလုပ်သမားတွေနဲ့ တွေ့ဆုံချိန် စတိတ်စင်ပေါ်မှာ ရှိနေခဲ့တာဖြစ်ပြီး အဲဒီ ဖိလစ်ပိုင်နိုင်ငံသူ မိန်းကလေးနဲ့ နောက်တယောက်ကို စာအုပ်တအုပ် လက်ဆောင်ပေးအပ်ဖို့ ဖိတ်ခေါ်ခံခဲ့ရတာ ဖြစ်ပါတယ်။ စင်ပေါ်ရောက်လာချိန်မှာတော့ မိန်းကလေး ၂ ဦးဟာ သူ့အနားမှာ ရှိနေကာ စကားပြောနေခဲ့ကြပြီးနောက် ပထမအမျိုးသမီးကို သူ့ပါးကိုနမ်းဖို့ တောင်းဆိုလိုက်တာပါ။ အဲဒီနောက်မှာတော့ နောက်မိန်းကလေးကို သူ့နှုတ်ခမ်းတွေကို နမ်းဖို့ တောင်းဆိုလိုက်ချိန်မှာတော့ ဖိလစ်ပိုင် အလုပ်သမား ပရိသတ်တွေက လက်ခုပ်လက်ဝါးတီး အားပေးခဲ့တာကို တွေ့ကြရမှာပါ။ ဒါပေမယ့် လက်ရှိမှာတော့ ဒီအခြေအနေအပေါ် ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပြီး ဖိလစ်ပိုင်အခြေစိုက် ဂါဘရီရယ်လ်လာ အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ အုပ်စုက မိန်းမမုန်းတဲ့ သမ္မတတယောက်ရဲ့ ရွံရှာစရာကောင်းတဲ့ ပြဇာတ်ဆန်မှုလို့ ရှုတ်ချပြောဆိုလိုက်တာပါ။ အမျိုးသမီးတွေအပေါ် ခုလိုမျိုး မသင့်တော်တဲ့ အပြုအမူနဲ့ ပြောဆိုဆက်ဆံတာမျိုးဟာ သမ္မတ ဒူတာတေအတွက် ဒါဟာ ပထမဆုံးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဧပြီလတုန်းက မဲဆွယ်စည်းရုံးပွဲတခုမှာ မိန့်ခွန်းပြောချိန် ၁၉၈၉ ခုနှစ်က သြစတြေးလျ သာသနာပြု အမျိုးသမီးတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ဆိုးဆိုးဝါးဝါး မှတ်ချက်ပေး ပြောဆိုခဲ့ပါသေးတယ်။ “သူ အဓမ္မပြုကျင့်ခံခဲ့ရတာကို ကျနော် စိတ်ဆိုး ဒေါသထွက်မိတယ်။ ဒါပေမယ့် သူက လှတယ်လေ။ မြို့တော်ဝန်က အရင် (အဓမ္မပြုကျင့်တာမျိုး) ဖြစ်သင့်တာပေါ့။ ဘယ်လောက်နှမျောစရာ ကောင်းသလဲ။” အဲဒီလို ကြမ်းကြမ်းတမ်းတမ်း ပြောခဲ့တဲ့အတွက် နောက်ပိုင်းမှာ ပြန်လည်တောင်းပန်ခဲ့ရပါတယ်။ အခုနှစ် အစောပိုင်းမှာလည်း ဒူတာတေဟာ ကွန်မြူနစ် အတိုက်အခံ အမျိုးသမီးတွေကို နှိမ်နင်းတဲ့အခါ သူတို့ရဲ့ မိန်းမအင်္ဂါကို သေနတ်နဲ့ ပစ်သင့်တယ်ဆိုပြီး ဖိလစ်ပိုင်စစ်သားတွေကို ပြောခဲ့ပါသေးတယ်။ အဲဒီအတွက် အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခံခဲ့ရပါတယ်။
4 years Ago
More News
Up